ကျောက်ပန်းတောင်းမြို့ အရှေ့ဘက် ကန်ပတ်လည်အုပ်စုရှိ မုခ်လေးမုခ်ပါ ဘုရား မိုးသည်းထန်စွာ ရွာသွန်းနေချိန် ဌာပနာဖောက်ခံရ
PUBLISHED - September 12, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကန်ပတ်လည်ကျေးရွာအုပ်စု ငွေတွင်းတောင် တောင်ဘက်ကပ်လျှက်ရှိ မုခ်လေးမုခ်ပါဘုရား ဌာပနာ ဖောက်ခံလိုက်ရကြောင်း သိရသည်။
စက်တင်ဘာလ (၁၁)ရက်က မိုးသည်းထန်စွာရွာသွန်းနေချိန်တွင် ဌာပနာ ဖောက်သူများသည် အဆိုပါ ဘုရားဘေးနားရှိ ဇရပ်များအတွင်း မိုးခိုနေဟန်ဆောင်ကာ လူသွားလူလာ အခြေအနေကြည့်ပြီး ဌာပနာ ဖောက်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ဌာပနာဖောက်သူများ အနေဖြင့် ဘုရား၏ အရှေ့ဘက်မုခ်ထဲက အင်္ဂတေဖြင့် ပူဇော်ထားသည့် (၃)ပေခန့်ရှိ ဆင်းတုတော်နှင့် ပလ္လင်တော်ကို ဖျက်ဆီးကာ ဌာပနာ ရှိမည်ထင်သည့် နေရာကို ဖောက်ထွင်းသွားကြခြင်း ဖြစ်သည်။
အဆိုပါ စေတီအနီးတွင် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ မရှိသော်လည်း ဒေသခံအချို့မှ ဌာပနာဖောက်ထွင်းနေကြောင်း အချိန်မီ သိရှိခဲ့တာကြောင့် သွားရောက်ကြည့်ရှုချိန်တွင် ဖောက်ထွင်းသူများကို မတွေ့ရှိတော့ဘဲ ဌာပနာပစ္စည်းများလည်း ပျောက်ဆုံးမှုမရှိခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
လက်ရှိအချိန်တွင် ဖောက်ထွင်းခံရသည့် ဌာပနာတိုက်ကို မှုလအတိုင်းပြန်လည်ပြုပြင်ထားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မုခ်လေးမုခ်ပါ ဘုရားသည် နှစ်ပေါင်း (၁၃၀)ခန့် ရှိပြီဖြစ်ပြီး အရှေ့ဘက်မုခ်က လက်ပံအိုင့် ၊ တောင်ဘက်မုခ်က လဲဂွ ၊ အနောက်ဘက်မုခ်က ကန်ပတ်လည် ၊ မြောက်ဘက်မုခ်က ဂွေးကုန်းစသည့် ကျေးရွာ လေးရွာပေါင်းကာ တည်ထားခြင်းဖြစ်ပြီး အနီးဆုံးကျေးရွာဖြစ်သည့် ဂွေးကုန်းကျေးရွာနှင့် (၅)ဖာလုံခန့် ဝေးကွာကြောင်း သိရသည်။
Photo Credit – Win Htein
#PeopleMedia