ကျောက်ပန်းတောင်း – ညောင်ဦး ကားလမ်းဘေး ညောင်ဦးမြို့နယ် ချောင်းရှည်ကျေးရွာတွင် ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် မိသားစုဝင်များကို PDF က ပစ်သတ်သွား
PUBLISHED - June 25, 2024
နေပြည်တော်၊ ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်း- ညောင်ဦးကားလမ်းအနီးရှိ ချောင်းရှည် ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ သားနှင့် သမီးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။
ဇွန်လ (၂၄)ရက် ည (၈)နာရီခန့်က ချောင်းရှည်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦး၏ နေအိမ်ကို PDF အဖွဲ့ဝင် (၈)ဦးမှ ဆိုင်ကယ် (၅)စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ပစ်ခတ်ခဲ့ခြင်းကြောင့် ဦးအောင်ဆန်းဦး၏ လက်နှစ်ဖက်အား နောက်ပြန်တိတ်အကြည်များဖြင့် ပတ်ချည်လျှက်တွေ့ရှိရပြီး နဖူးဖောက်ဝင် ဒဏ်ရာ (၁)ချက်၊ ဝဲ-လက်မောင်း ဖောက်ဝင် ဒဏ်ရာ (၁)ချက်၊ ဝဲ-ရင်အုံ ဖောက်ဝင်ဒဏ်ရာ (၁)ချက်ရရှိခဲ့ပြီး ၎င်း၏ သားဖြစ်သူ အသက် (၂၈)နှစ်အရွယ် မောင်ညီညီလင်းတွင် ရင်အုံ ဘယ်/ညာ ဖောက်ဝင်၊ ဝဲ-လက်ပြင်မှ ဖောက်ထွက်ဒဏ်ရာ (၂)ချက်ရရှိခဲ့ကာ ၎င်း၏ သမီးဖြစ်သူ အသက် (၂၅)နှစ်အရွယ်ရှိ မခင်မြတ်မြတ်ဦးတွင် ဝဲ-ပေါင် ရှပ်မှန်ဒဏ်ရာ (၁)ချက်၊ ဝဲ- ရင်အုံမှနောက်ကျော ဖောက်ထွက်ဒဏ်ရာ (၁)ချက်တို့ ရရှိကာ အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းနောက်တွင် PDF အဖွဲ့ဝင်များ အနေဖြင့် ဦးအောင်ဆန်းလင်း၏ ဇနီးအား ကြိုးဖြင့်တုပ်ကာ ထားခဲ့ပြီး နေအိမ်မှ 57W/86869၊ JINCHENG၊ အမျိုးအစား အနက်ရောင်ဆိုင်ကယ် (၁)စီးနှင့် အနီနှင့်အနက်ကြား၊ တရုတ်ဆိုင်ကယ် (၁)စီး တို့အား ယူဆောင်သွားကြောင်းနှင့် အခင်းဖြစ်ပွါးသည့် နေရာမှ M- 22 ကျည်ခွံ (၆)ခု တွေ့ရှိရကြောင်း သိရသည်။
#PeopleMedia