ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ဆက်လက်ဆောင်ရွက်နိုင်ရေး မြန်မာနှင့် တရုတ် ညှိနှိုင်းဆွေးနွေး၊ ၂၀၂၅ ခုနှစ် ဧပြီလ (၂၅)ရက် မတိုင်မီ လုပ်ငန်းတာဝန်များကို ပြီးစီးအောင် ဆောင်ရွက်မည်

PUBLISHED - January 22, 2025
နေပြည်တော်၊ ဇန်နဝါရီ ၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးကို ဇန်နဝါရီလ (၂၁)ရက် နံနက် (၉)နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။
ယင်းအစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကျောက်ဖြူအထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီ လီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ချုပ်ဆိုခဲ့ပုံများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ စာချုပ်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၅ ရက်တွင် ချုပ်ဆိုခဲ့ပြီး အဆိုပါ Concession Agreement ၏ နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး Long Stop Date ကို ၁၈ လကာလ သက်တမ်းတိုးပေးခဲ့ကြောင်းနှင့် Long Stop Date သက်တမ်းတိုးမြှင့်ထားသည့်ကာလမှာ ၂၀၂၅ ခုနှစ် ဇွန် ၂၆ ရက်တွင် ပြည့်မြောက်မည်ဖြစ်ပြီး အဆိုပါသက်တမ်း မပြည့်မြောက်မီ နှစ်လအလိုဖြစ်သည့် ၂၀၂၅ ခုနှစ် ဧပြီ ၂၆ ရက်မတိုင်မီ လုပ်ငန်းများ ပြီးပြတ်အောင်ဆောင်ရွက်နိုင်ရန် ရည်မှန်းထားသည့်အတွက် လုပ်ငန်းများ သတ်မှတ်ရက် မရောက်မီ လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာကံဇော်က ထပ်မံပြောကြားခဲ့သည်။
ယင်းအပြင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် အစုရှယ်ယာရှင်များနှင့်သက်ဆိုင်သော သဘောတူစာချုပ် (Share-holders’ Agreement) တွင် ဖော်ပြထားသည့်အတိုင်း မြန်မာ-တရုတ် နှစ်ဖက်အနေဖြင့် စီမံကိန်းမစတင်မီ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမည့် စာချုပ်ပါအချက် ၁၆ ချက်အနက် မြန်မာဘက်က ဆောင်ရွက်ရမည့်အချက် ၁၀ ချက်၊ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရမည့်အချက် ၄ ချက် စသည့်လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
#PeopleMedia