ကျောက်မြောင်းမြို့၊ အမှတ်(၃) ရပ်ကွက်သို့ PDF ပစ်ခတ်သည့်လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှု ကြောင့် အသက် ၃ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိ
PUBLISHED - August 20, 2024
နေပြည်တော်၊ သြဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ အမှတ်(၃) ရပ်ကွက်သို့ PDF များ ပစ်ခတ်သည့် လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၅ နာရီတွင် ကျောက်မြောင်းမြို့၊ အမှတ်(၃) ရပ်ကွက်သို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရပ်ကွက်အတွင်း လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေသူများဖြစ်ကြသည့် ဒေါ်တင်အေး(၇၂)နှစ်၊ ဦးသော်တာဦး (၃၅)နှစ်၊ ဒေါ်ယဉ်မိုးခိုင်(၂၅)နှစ်နှင့် မောင်သုတအောင်(၃)နှစ်တို့တွင် လက်နက်ကြီး ကျည်ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။
ဩဂုတ်လ ၁၅ ရက်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာသို့ KNU/PDF ပူးပေါင်းအဖွဲ့က Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့၍ သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
#PeopleMedia