• Follow Us on
Latest News

Home ကျောင်းသားကျောင်းသူများကျောင်းပညာရေးတွင် ပညာတော်ပညာတတ်ဘက်စုံထူးချွန်သည့် လူငယ် လူရွယ်များ ပေါ်ထွန်းလာစေရေးကို အလေးထားဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

ကျောင်းသားကျောင်းသူများကျောင်းပညာရေးတွင် ပညာတော်ပညာတတ်ဘက်စုံထူးချွန်သည့် လူငယ် လူရွယ်များ ပေါ်ထွန်းလာစေရေးကို အလေးထားဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

Share this post

နေပြည်တော်၊ ဇွန် ၂၆

 

ကျောင်းသား၊ ကျောင်းသူများ ကျောင်းပညာရေးတွင် ပညာတော်၊ ပညာတတ်၊ ဘက်စုံထူးချွန်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးကို အလေးထားဆောင်ရွက်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားသည်။

 

ယမန်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်သည် ပညာ တတ်အရင်းအမြစ်များ ပေါများခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံလုံး ဆိုင်ရာပညာရေးညီလာခံ (၂၀၂၄)ကို လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးပညာရေးကို ပိုမိုမြှင့်တင်ပေး ဟူသည့် ဦးတည်ချက်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များဖြင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ဆောင်ရွက်လျက်ရှိနေပြီး အရည် အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ်တိုးတက်ဖြစ်ပေါ်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

 

ပညာတတ်ဖြစ်မှသာ လူ့ဘဝရှင်သန်ရပ်တည်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းကျွမ်းကျင်မှု အရည် အသွေးများကိုရရှိပြီး စဉ်းစားတွေးခေါ်မှု၊ ပြဿနာကို ဖြေရှင်းတတ်မှု၊ ဝေဖန်ပိုင်းခြားတတ်မှု၊ တီထွင်ကြံဆ တတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု စသည့် ပင်ကိုယ်အရည်အသွေးများကို ပိုင်ဆိုင်လာသည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပွင့်လန်းစေနိုင်မည်ဖြစ်ကြောင်း၊ အရည်အသွေးမြင့်သည့် ပညာရပ်များကို တတ်ကျွမ်းသူများသည် ဝင်ငွေကောင်းသည့် အလုပ်အကိုင်ကောင်းများကို ရရှိနိုင်ကြောင်း၊ ဆန်းသစ်တီထွင် ဖန်တီးတတ်သူ၊ ဉာဏ်ရည်မြင့်မားသူ၊ ဝီရိယရှိပြီး ကြိုးစားအားထုတ်သူများသည် သက်ဆိုင်ရာလုပ်ငန်းများတွင် အောင်မြင်သူများ ဖြစ်လာကြကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

“ပြည်သူလူထုအများစုဟာ ဝင်ငွေအလယ်အလတ်အဆင့်ရှိသူတွေ ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ ကျောင်းပညာ ရေးကိုပဲ အားကိုးကြပါတယ်။ အများပြည်သူက ယုံကြည်အားကိုးကြတဲ့အတိုင်း ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းပညာရေးမှာ ပညာတော်၊ ပညာတတ်၊ ဘက်စုံထူးချွန်တဲ့ လူငယ်လူရွယ်တွေ ပေါ်ထွန်းလာစေဖို့ကို အလေးထားဆောင်ရွက်ပေးကြစေလိုပါတယ်။ အနာဂတ်မှာ နိုင်ငံတော်က အားကိုးအားထားပြုရတဲ့ ဗလငါး တန်နဲ့ ပြည့်စုံပြီး အရည်အချင်းပြည့်ဝတဲ့ လူငယ်တွေကို မွေးထုတ်ပေးနိုင်ဖို့က ဆရာ၊ ဆရာမတွေရဲ့ သွန်သင် ဆုံးမမှုကောင်းမွန်ရေးအပေါ်မှာ တည်မှီနေပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ဖြစ်ပေါ်တိုးတက်နေသည့် ကမ္ဘာ့အခြေအနေများအရ လူ့ဘဝရပ်တည်ရန်အတွက် လူတစ်ယောက်သည် အနည်းဆုံးအလယ်တန်းပညာအဆင့်အထိ တတ်သင့်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် လူတိုင်း KG+9 အထိ ပညာသင်ကြားရန် ဦးတည်ချက်ချမှတ်ထားကြောင်း၊ အဆိုပါဦးတည်ချက် ပေါက်မြောက် အောင်မြင်ရန် လူတိုင်း KG+9 အထိပြီးမြောက်အောင်မြင်ရေးအတွက် မသင်မနေရသင်ကြားနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး၊ အထူးသဖြင့် အခိုက်အတန့် ကျောင်းအပ်လျော့ နည်းနေသည့် မူလတန်းအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးအတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ရပ်မိရပ်ဖများ ပူးပေါင်းပြီးလှုံ့ဆော်ခြင်း၊ စည်းရုံးခြင်း၊ ရှင်းပြခြင်း၊ အားပေးပံ့ပိုးခြင်း နည်းလမ်းအသွယ်သွယ်ဖြင့် စဉ်ဆက်မပြတ် ဆက်လက်ပြီး ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post