ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြသဖြင့် နိုင်ငံ့အနာဂတ်အတွက်စိုးရိမ် စရာဖြစ်နေကြောင်း နစကဥက္ကဋ္ဌပြောကြား
PUBLISHED - April 4, 2024
နေပြည်တော်၊ ဧပြီ ၄
ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြခြင်းဖြစ်သဖြင့် နိုင်ငံ့အနာဂတ် အတွက် စိုးရိမ်စရာဖြစ်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ/ တပ်ရင်းတပ်ဖွဲ့စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့တွင် နေပြည်တော်ရှိ အမျိုးသားစာကြည့် တိုက်၌ ကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်စေရေး အခြေခံ ပညာအဆင့်တွင် အခမဲ့ပညာရေးနှင့် လက်လှမ်းတမီ သင်ယူနိုင်သည့် အခွင့်အလမ်းရအောင် လုပ်ဆောင် ပေးနေကြောင်း၊ လူငယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်သကဲ့သို့ ပညာရေးသည်လည်း နိုင်ငံ၏အနာဂတ်ဖြစ် သည့်အတွက် ပညာတတ်လူငယ်များဖြစ်လာအောင်၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်အောင်၊ အချိန်မတိုင်မီအကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ရခြင်း မရှိအောင်၊ တန်းစဉ်ကူးပြောင်းမှုတွင် အရေ အတွက်သာမကအရည်အချင်းပါ လျော့နည်းမသွားအောင် အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း ပြောသည်။
ပညာသင်ခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် မရှိမဖြစ်အရေးပါသည့် လူ့စွမ်း အားအရင်းအမြစ် ပျိုးထောင် ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လက်ရှိလူဦးရေ ၅၆ သန်းကျော်ရှိသည့်အနက် ဘွဲ့ရသူသုံးသန်းခန့်သာ ရှိကြောင်း၊ အသက် ၂၅ နှစ်အထက် ၂၅.၁၇ သန်းခန့်တွင် မူလတန်းနှင့် အလယ်တန်းအဆင့်ရှိသူ ၇၀ ရာခိုင်နှုန်းခန့်၊ ဘွဲ့ရ၊ နည်းပညာ၊ သက်မွေးပညာသင်တန်းကျောင်းနှင့် ဒီပလိုမာ ပြီးမြောက်သူ ဦးရေသည် တစ်နိုင်ငံလုံးတွင် ၁၃ ရာခိုင်နှုန်းခန့်သာရှိသည်ကို စာရင်းဇယားများအရ သိရကြောင်း၊ ကျောင်းသား အများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြခြင်းဖြစ်သဖြင့် နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်စရာဖြစ်နေကြောင်း၊ ထို့ကြောင့်လည်း မိမိတို့ အနေဖြင့် အခြေခံပညာအဆင့်တွင် KG+9 အထိ မသင် မနေရစနစ်ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့ တာဝန်ယူဆောင်ရွက်နေချိန်တွင် အခြေခံပညာအလယ် တန်းအဆင့် အောင်မြင်ပြီး မလွှဲမရှောင်သာ ကျောင်းထွက်သွားကြရမည့် လူငယ်များအတွက် ဘဝတွင် သက်မွေးပညာတစ်ခုခုပါသွားစေရေး အခြေခံပညာအထက်တန်းအဆင့်တွင် စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး သက် မွေးပညာများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင် ၅၀ က အထက်တန်း ကျောင်း ၅၁ ကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း၊ ယခုလာမည့် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်တွင် နောက်ထပ် ၃၄ ကျောင်း ထပ်မံဖွင့်လှစ်သင်ကြားပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
အသိပညာမြင့်မားအောင် လုပ်ဆောင်ကြရန်အတွက် စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက် ယဉ်ကျေးမှုထွန်းကားရေးကို လုပ်ဆောင်ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ကျေး လက်နေပြည်သူ ၇၀ ရာခိုင်နှုန်းရှိသည့် အတွက် ကျေးလက်ဒေသနေပြည်သူများ စာအုပ်စာပေဖတ်ရှုရန်နှင့် စာအုပ်စာစောင်များ လက်လှမ်းတမီထားရှိပေးရန်အတွက် စာကြည့်တိုက်များကို အမှန်တကယ် အားကိုး အားထားပြုကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
#PeopleMedia