• Follow Us on
Latest News

Home ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် မိဘ၊ ဆရာများသာမက အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးရန် နစကဥက္ကဋ္ဌ မှာကြား

ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် မိဘ၊ ဆရာများသာမက အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးရန် နစကဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ သြဂုတ် ၁၀

 

ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ မိဘနှင့် ဆရာများသာမက အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးရန် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြား လိုက်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပညာရည်မြင့်မားတိုးတက်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး၌ စာသင်ကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားနိုင်ပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များကို မွေးထုတ်ပေးနိုင်ရန်လိုကြောင်း၊ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်းများ၊ အဆင့်မြင့်ပညာသင်ကျောင်းများနှင့် ပညာသင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စင်တာများအားလုံး၌ ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ မိဘနှင့် ဆရာများသာမက အုပ်ချုပ်ရေး ပိုင်းဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်းဖြင့် မှာကြားသည်။

 

ပညာသင်ကြားရေးတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍမှာ အလွန်ကျယ်ပြန့်ပြီး အဓိကကျသဖြင့် ဆရာ၊ ဆရာမများ၏ နေထိုင်စားသောက်မှုများ အဆင်ပြေစေရေး အတွက် နိုင်ငံတော်မှ တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့နယ်များအလိုက်လည်း တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခင်က ပညာရေးစနစ်၏ အားနည်းမှု၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အားနည်းမှုများရှိခဲ့ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးမှာ အားနည်း ချက်များရှိခဲ့ကြောင်း၊ ကျောင်းသား၊ ကျောင်း သူများ အမှန်တကယ်စာတတ်မြောက်စေရေး ဆရာ၊ ဆရာမများ အနေဖြင့် သင်ကြားပေးရန်လိုသကဲ့သို့ အခြားလိုအပ်သော မှန်ကန်သည့်တွေးခေါ်မှုနှင့် အသိအမြင်များရရှိရေး အတွက်လည်း သင်ကြားပေးရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ထပ်မံ တိုးချဲ့ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ ဘာသာရပ်များကို သင်ကြား တတ် မြောက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ကြားပြီးချိန်တွင် ၎င်းတို့၏ဘဝတိုးတက်ရေး အတွက် ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကို အထောက်အကူပြုစေမည့် လူသားအရင်း အမြစ်များကိုလည်း ရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားခဲ့သည်။

 

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်း ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

#PeopleMedia


Share this post