• Follow Us on

Home ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် နိုင်ငံတော်၏ အနာဂတ်ကို ရိုက်ချိုး ဖျက်ဆီးသည့် စဉ်းစားဉာဏ်ကင်းမဲ့သော လူမဆန်သည့်လက်နက်အားကိုးအကြမ်းဖက်လုပ်ရပ်ပင်ဖြစ်ကြောင်း နစကအတွင်းရေးမှူး ပြောကြား

ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် နိုင်ငံတော်၏ အနာဂတ်ကို ရိုက်ချိုး ဖျက်ဆီးသည့် စဉ်းစားဉာဏ်ကင်းမဲ့သော လူမဆန်သည့်လက်နက်အားကိုးအကြမ်းဖက်လုပ်ရပ်ပင်ဖြစ်ကြောင်း နစကအတွင်းရေးမှူး ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၂

 

ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် နိုင်ငံတော်၏အနာဂတ်ကို ရိုက်ချိုးဖျက်ဆီး သည့် စဉ်းစားဉာဏ်ကင်းမဲ့သော လူမဆန်သည့်လက်နက်အားကိုး အကြမ်းဖက်လုပ်ရပ်ပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ပြောသည်။

 

ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်အား အကြမ်းဖက်သောင်းကျန်းသူများဖျက်ဆီးမှုကြောင့် အဆောက်အအုံများပျက်စီးခဲ့မှုအခြေအနေနှင့် ပြန်လည်ပြုပြင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တွင် KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်ကို မိုက်မိုက်မဲမဲ မဆင်မခြင် လက်နက်ကြီးလက်နက်ငယ်များနှင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးအဖွဲ့များကိုလည်း သာလွန်အင်အားများဖြင့် အလစ်အငိုက်ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြကြောင်း၊ ထိုသို့စီးနင်းတိုက်ခိုက်ခဲ့ ပြီးနောက် တက္ကသိုလ်၏ ပညာရေးဆိုင်ရာအဆောက်အအုံများကို အဆင်အခြင်ကင်းမဲ့စွာဖျက်ဆီးခဲ့ကြကြောင်း၊ အဆိုပါတက္ကသိုလ်ကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ပါမောက္ခချုပ်အပါအဝင် ဆရာဆရာမများနှင့် ပညာရေးဝန်ထမ်း ၁၃၂ ဦးနှင့်အတူ မှီခိုသူမိသားစုဝင် ၆၄ ဦး၊ စုစုပေါင်း ၁၉၆ ဦးနှင့် ကျောင်းသားများကို အသုတ်လိုက် အတင်းအဓမ္မဖမ်းဆီးချုပ်နှောင် ခေါ်ဆောင်သွားခြင်းခံခဲ့ရကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားချိန်တွင် ဆရာ ဆရာမများအနေဖြင့် နီးစပ်ရာစာသင်ခန်းများ၊ နေအိမ်များတွင် ကြောက်လန့်တကြား ပုန်းအောင်း နေထိုင်ခဲ့ကြရကြောင်း ပြောသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆရာဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ ထိခိုက်ဒဏ်ရာ မရရှိစေရေး၊ ဘေးကင်းလုံခြုံစေရေးကို အဓိကထားဆောင်ရွက်ခဲ့သည့်အပြင် ကယားပြည်နယ်၏ အဆင့်မြင့် ပညာသင်ကြားရာ လွိုင်ကော်တက္ကသိုလ်၏ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာသင်ဆောင်များကိုတန်ဖိုး ထားပြီး ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ခဲ့ကြကြောင်း၊ သို့သော် KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်အဖွဲ့တို့သည် စစ်ရေးပစ်မှတ်မဟုတ်သည့် နိုင်ငံအတွက်တန်ဖိုးထားအပ်သော အရပ်ဖက်ပညာရေးဆိုင်ရာ အဆောက်အအုံများကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ၊ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများကို အသက်အန္တရာယ်ဇုန်မှ ကင်းလွတ်ရာနေရာသို့ ထွက်ခွာခွင့်ပြုရမဲ့အစား အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ပြီး လူသားတံတိုင်းအဖြစ် အသုံးချခဲ့ခြင်းများသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက လက်နက်ဟူ၍ အပ်တိုတစ်ချောင်းတောင်မရှိသည့် မြေဖြူသာရှိသော အပြစ်မဲ့ဆရာဆရာမများ၊ ပညာရေးဝန်ထမ်းများ၊ နိုင်ငံ့အနာဂတ်အတွက် အားကိုး အားထားပြုရမည့် ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် နိုင်ငံတော်၏အနာဂတ်ကို ရိုက်ချိုးဖျက်ဆီးသည့် စဉ်းစားဉာဏ်ကင်းမဲ့သော လူမဆန်သည့်လက်နက်အားကိုး အကြမ်းဖက်လုပ်ရပ်ပင် ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် ဖြေဆိုရမည့် အဝေးသင်တက္ကသိုလ် တတိယအသုတ် စာမေးပွဲကိုလည်း ကျင်းပနိုင်ခြင်းမရှိတော့ဘဲ လွိုင်ကော်တက္ကသိုလ်ကြီးကိုပိတ်ခဲ့ရသည်မှာ ယနေ့ထိပင်ဖြစ်ပြီး အဆိုပါဖြစ်ရပ်ကို သိရှိကြသည့် ကမ္ဘာ့ပညာတတ် အသိုင်းအဝိုင်းအနေဖြင့် ရင်ထုမနာစိတ်မကောင်း ဖြစ်နေကြမည်မှာ အသေအချာပင်ဖြစ်ကြောင်း ပြောသည်။

 

အခုအခါ လွိုင်ကော်မြို့၏အခြေအနေမှာ တည်ငြိမ်မှုရှိနေပြီဖြစ်သည့်အတွက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကစပြီး လွိုင်ကော်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အစိုးရစက်မှု လက်မှုသိပ္ပံတို့ကို ပြန်လည်ဖွင့်လှစ်ပေးပြီး ဒေသခံကျောင်းသားကျောင်းသူများ စဉ်ဆက်မပြတ် ပညာသင်ယူမှု အခွင့်အရေး မဆုံးရှုံးအောင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံတော်၏အနာဂတ်ကို ပညာနှင့်သာတည်ဆောက် ရမည်ဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များ မွေးထုတ်နိုင်ရန်၊ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ပညာရပ်များကို စဉ်ဆက်မပြတ်ဆည်းပူးလေ့လာနိုင်ရန် လွိုင်ကော်တက္ကသိုလ်ကို မဖြစ်မနေပြန်လည်ပြင်ဆင်ပြီး အမြန်ဆုံးပြန်လည်ဖွင့်လှစ်သွားကြရမည်မှာ နိုင်ငံတော်၏တာဝန်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏အနာဂတ်တွင် အားထားရမည့် ကျောင်းသားလူငယ်များအတွက် လွိုင်ကော်တက္ကသိုလ် ပြန်လည်ပြုပြင်ပြီး အမြန်ဆုံးဖွင့်လှစ်နိုင်ရေးကို စိတ်စေတနာအပြည့်နှင့် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ကြရန် တိုက်တွန်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post