ကျောင်းသား၊ ကျောင်းသူ အကြိုအပို့လုပ်နေသည့် တပ်မတော်သား နှစ်ဦးအား မိုးကောင်း PDF မှ လုပ်ကြံ ပစ်ခတ်၊ တပ်မတော်သား နှစ်ဦး ကျဆုံး
PUBLISHED - August 21, 2023
မိုးကောင်း၊ ဩဂုတ် ၂၀
မိုးကောင်းမြို့၊ ဈေးကုန်းရပ်ကွက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိ သည့် တပ်မတော်သားများ၏ ကျောင်းသား၊ ကျောင်းသူများကို နေ့စဉ် အကြို၊ အပို့ လုပ်နေသည့် စစ်သည်နှစ် ဦးအား မိုးကောင်း PDf အဖွဲ့မှ ချောင်းမြောင်းလုပ်ကြံပစ်ခတ်မှုပြုလုပ်ခဲ့သည်။
ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် တပ်ရင်း (၇၄) မှ စစ်သည်သားသမီးများ ပညာသင်ကြား လျက်ရှိသည့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ အရှေ့လမ်းထောင့်တွင် စစ်ကားဖြင့် လာ ကြိုသည့် စစ်သည်နှစ်ဦးအား မိုးကောင်းမြို့PDF အဖွဲ့မှ ကြိုတင်စောင့်ဆိုင်းပြီး ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက ဆိုသည်။
“ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသားနှစ်ဦးက ကျောင်းလာကြိုတဲ့ စစ်သားနှစ်ဦးကို ပစ်ခတ်ပြီး သေနတ်ပါ ယူသွား တယ်လို့ကြားတယ်။ အဲ့နေ့ကတော့ စစ်ဆေးမှုတွေ အရမ်းတင်းကြပ်နေလို့ အသွားအလာတွေ ရှင်းသွားတယ် ” ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် နောက်ဆက်တွဲ ပြဿနာများကို အပြစ်မဲ့ပြည်သူများအနေဖြင့် ခါးစည်းခံနေရ ကြောင်း မိုးကောင်းမြို့နေသူတစ်ဦးက ထည့်သွင်းပြောသည်။
“လက်နက်ကိုင်အချင်းချင်း ပစ်ကြခတ်ကြတာ ကိစ္စမရှိပေမယ့် အခု မိုးကောင်းမြို့ပေါ်မှာ အရမ်းစစ်ဆေး တင်း ကြပ်နေတယ်။ မိုးကောင်းတံတား၊ ပြီးတော့ နောက်ထက်တံတားဘက်မှာ အသွားအလာ အဝင်အထွက် အကုန် စစ်နေတယ်” ဟု ယင်းကပြောသည်။
ကျောင်းကြိုပို့ လုပ်ဆောင်ပေးနေသည့် စစ်သည်နှစ်ဦးအား သံလွင်တည်းခိုခန်းထောင့်တွင် ဩဂုတ်လ ၁၉ ရက် ညနေ ၃ နာရီအချိန်ခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး၊ တပ်မတော်မှ ကျောင်းရှေ့လမ်းအား ပိတ်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံလူငယ်တစ်ဦးက ပြောသည်။
ယင်းအပြင် မိုးကောင်းမြို့ နယ်မြေခံရဲတပ်ဖွဲ့ဝင်များကလည်း ဖြစ်စဉ်ဖြစ်ပွားပြီးနောက်တွင် မြို့တွင်းလှည့်လှည် ကာ စစ်ဆေးမှုများကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့ PDF နှင့် နမ္မတီး PDF တို့၏ ချောင်းမြောင်းလုပ်ကြံမှုများကြောင့် ပြီးခဲ့သည့် လပိုင်းအတွင်းက လည်း အစိုးရဝန်ထမ်းနှင့် ရပ်ကျေးတာဝန်ခံတချို့တို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပိုင်ကြီး
#PeopleMedia