ကွန်ဂိုနိုင်ငံမှာ စစ်သား ၂၅ ဦးကို တပ်ပြေးမှုနဲ့ စစ်တရားရုံးက သေဒဏ်ချမှတ်

PUBLISHED - July 4, 2024
နိုင်ငံတကာ၊ ဇူလိုင် ၄
ကွန်ဂိုနိုင်ငံ မြောက်ပိုင်းကီဗူးပြည်နယ် ဘူတမ်ဘိုတပ်စခန်းမှာရှိတဲ့ စစ်တရားရုံးတစ်ခုက ကွန်ဂိုတပ်ဖွဲ့ဝင် ၂၅ ဦး ကို သေဒဏ်ပေးလိုက်ပါတယ်။
အဲဒီစစ်သားတွေကို တရားရုံးမှာတင်ထားတဲ့ စွဲချက်တွေထဲမှာ “တပ်မတော်ကထွက်ပြေးမှု၊ စစ်ပွဲကာလအတွင်း ခဲယမ်းပျောက်ဆုံးမှု၊ အမိန့်မနာခံမှုနဲ့ ခိုးမှု” တွေပါဝင်တယ်လို့ တရားခံရှေ့နေတစ်ဦးဖြစ်သူ မတ်ဗ်ဝီကိုက AFP ကို ပြောပါတယ်။
ကွန်ဂိုစစ်သည် ၂၇ ဦးနဲ့ ၎င်းတို့ဇနီး ၄ ဦး စုစုပေါင်း ၃၁ ဦးကို ရှေ့တန်းနဲ့နီးတဲ့ ဘူတမ်ဘိုတပ်စခန်းမှာရှိတဲ့ စစ် တရားရုံးမှာ ကြား နာစစ်ဆေးခဲ့တာဖြစ်ပါတယ်။
ကြားနာစစ်ဆေးပြီးနောက် အရာရှိနှစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၂၅ ဦးကို သေဒဏ်ချမှတ်လိုက်ပြီး တရားခံတွေ အနေနဲ့ အယူခံဝင်သွားမှာဖြစ်တယ်လို့ ရှေ့နေ မတ်ဗ်ဝီကိုက ပြောပါတယ်။
တပ်မတော်သားဇနီး ၄ ဦးကိုတော့ အပြစ်မရှိကြောင်း စစ်ဆေးတွေ့ရှိတဲ့အတွက် တရားသေလွှတ်လိုက်ကြောင်း ၎င်းက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်ကတည်းက M23 အဖွဲ့လို့ လူသိများတဲ့ ကွန်ဂိုသူပုန်အဖွဲ့ဟာ ပဋိပက္ခဖြစ်ပွားရာ နိုင်ငံ မြောက်ပိုင်းက မြို့လေးငါးမြို့ကို သိမ်းပို်က်ခဲ့ကြပါတယ်။
သူပုန်အဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေထဲမှာ နိုင်ငံရဲ့ စီးပွားရေးအချက်အချာကျတဲ့မြို့တွေဖြစ်တဲ့ ဘူတမ်ဘိုနဲ့ ဘီနီမြို့ကို သွားရောက်နိုင်တဲ့လမ်းကြောင်းတစ်ခုဖြစ်ပြီး မဟာဗျူဟာမြောက်မြို့ဖြစ်တဲ့ ကန်ယာဘာယွန်ဂါမြို့ လည်း ပါဝင်ပါတယ်။
M23 သူပုန်အဖွဲ့ဟာ ပြီးခဲ့တဲ့လေးငါးနှစ်အတွင်း နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့ရာမှာ မြောက်ပိုင်းကီဗူး ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ ဂိုမာမြို့ကို ပတ်လည်ဝိုင်းထားနိုင်တဲ့အထိ စစ်ရေးအောင်မြင်မှုရခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် ကွန်ဂိုပြည်သူ အများအပြားသေဆုံးခဲ့ကြသလို ပြည်သူအများအပြားဟာလည်း အိုးအိမ်စွန့် ခွာထွက်ပြေးနေကြရပါတယ်။
Ref: 25 soldiers sentenced to death in DR Congo for ‘fleeing the enemy’, says lawyer
#PeopleMedia