ကွန်ဟိန်းမြို့နယ်တွင် ကျပ် ၆၅၄၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် ခြောက်လုံးပြူးသေနတ် ၁ လက် ဖမ်းဆီးရမိ

PUBLISHED - January 9, 2024
နေပြည်တော်၊ ဇန်နဝါရီ ၉
ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၆၅၄၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များနှင့် ခြောက်လုံးပြူးသေနတ် ၁ လက် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၈နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မိုင်းပျဉ်းမြို့ ဘက်မှ ကာလိမြို့ဘက်သို့ မျိုးသက်ကို မောင်းနှင်လာသည့် PROBOX အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၅.၉၅ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၅၄၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ မွန်းလွဲ ၂နာရီ ၁၅ အချိန် အဆိုပါ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုင်းကောရ(ခ) စိုင်းခမ်းမတ် အား နမ့်စန်မြို့အဝင်၊ နမ့်စန်-ခိုလမ်သွားကားလမ်း တွင် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ၎င်းကျည် ၂၃ တောင့်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ၁၄၄၅ အချိန် မိုးသက်ကို(ခ)ဘိုင်ဘိုင်းအား လွိုင်လင် မြို့၊ ရပ်ကွက်(၂)ရှိ ၎င်း၏နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် မျိုး သက်ကို(၃၇)နှစ်၊ စိုင်းကောရ(ခ)စိုင်းခမ်းမတ်(၂၉)နှစ်နှင့် မိုးသက်ကို(ခ)ဘိုင်ဘိုင်း(၂၆)နှစ်တို့အား နမ့်စန်မြို့ မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူ ထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia