ကျွန်တော့်အသက်ထက် နှစ်ဆကြီးနေတဲ့တင့်ကားအိုကြီးတွေနဲ့ ရုရှားကို တိုက်လို့မရဘူးလို့ ယူကရိန်း တင့်ကား တပ်ရင်းမှူးတစ်ဦးပြော
PUBLISHED - February 23, 2023
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃
ရုရှားတပ်တွေကို တိုက်ခိုက်ရာမှာ ၎င်းတပ်ဖွဲ့ဝင်တွေအသုံးပြုနေတဲ့ T-64 ပင်မတိုက်ပွဲဝင်တင့်ကားတွေဟာ ၎င်း အသက်ရဲ့ နှစ်ဆလောက် သက်တမ်းရင့်နေပြီဖြစ်တဲ့တင့်ကားတွေဖြစ်ပြီး အသုံးပြုလို့မကောင်းလောက်တော့ အောင် ပျက်စီးနေပြီဖြစ်ကြောင်း ယူကရိန်းတင့်ကားတပ်ရင်းမှူးတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အဲဒီတင့်ကားတွေစက်ချို့ယွင်းမှုကြောင့် စစ်မြေပြင်ကနေ ကြိမ်ကြိမ်ထွက်ပြေးခဲ့ရတယ်လို့ အမည်လွှဲ အီဂါဆိုတဲ့ အဲဒီတပ်မှူးက El Pais အမည်ရှိ စပိန်သတင်းစာကို ပြောပါတယ်။
ဒါ့အပြင် ၎င်းတို့တင့်ကားမှာပါတဲ့ အမြောက်/ စက်သေနတ်တွေဟာလည်း မကြာခဏ ရပ်တန့်မှုတွေဖြစ်လေ့ရှိ တယ်လို့ ၎င်းက ပြောပါတယ်။
“ကျွန်တော့်တင့်ကားဆိုရင် သက်တမ်းက နှစ် ၅၀ ကျော်နေပြီ။ နောက်ထပ်အားကိုးရတဲ့တင့်ကားတစ်စီး လဲ လှယ်စီးနင်းနိုင်ဖို့အတွက် ဂျာမန်ထုတ် လီယိုပတ် (Leopard) တင့်ကားတွေကို ကျွန်တော်တို့ စောင့်မျှော်နေပါ တယ်။” လို့ ၎င်းက စပိန်သတင်းစာကိုပြောပါတယ်။
စစ်ပွဲစတင်ဖြစ်ပွားကတည်းက ယူကရိန်းနိုင်ငံဟာ ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် အမွေရ ခဲ့တဲ့ ခေတ်မမီတော့တဲ့ ဆိုဗီယက်ခေတ်ထုတ်တင့်ကားတွေကို အားကိုးပြီး တိုက်ခိုက်နေရတာဖြစ်ပါတယ်။
ယူကရိန်းစစ်တပ်မှာ လက်ရှိအသုံးပြုနေဆဲ တင့်ကားတွေကတော့ T-64 တင့်ကား၊ T-72 တင့်ကား၊ T-80 တင့်ကားနဲ့ T-84 တင့်ကားတို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ယူကရိန်းနိုင်ငံအနေနဲ့ ရှေ့တန်းစစ်မြေပြင်ကို ပစ်ကူ စစ်ကူပေးထောက်ပံ့နိုင်ဖို့အတွက် T-64 တင့်ကား တွေ ကုန်တော့မယ်လို့ မကြာသေးခင်က Forbes မဂ္ဂဇင်းက ရေးသားခဲ့ပါတယ်။
ယူကရိန်းတပ်တွေဟာ T-64 တင့်ကားအစီးရေ ၈၀၀ ဝန်းကျင်နဲ့ တိုက်ပွဲဝင်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ အဲဒီအမျိုး အစားတင့်ကားတွေ တစ်ဝက်လောက် စစ်ပွဲမှာပျက်စီးဆုံးရှုံးကုန်ပြီလို့ ဆိုပါတယ်။
၁၉၆၃ ခုနှစ်မှာ စတင်မိတ်ဆက်ပေးခဲ့တဲ့ T-64 တင့်ကားတွေဟာ မြင်းကောင်ရေ ၇၀၀ အားရှိတဲ့အင်ဂျင်တွေ တပ်ဆင်ထားပြီး အရည်အသွေးကောင်းမွန်တဲ့ ဆိုဗီယက်ခေတ်တင့်ကားတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဂျာမနီနိုင်ငံက ၎င်းတို့နိုင်ငံရဲ့ Leopard 2 တင့်ကားတွေကို ယူကရိန်းကိုတင်ပို့ပေးဖို့ သဘောတူညီလိုက်ပြီး တစ်လမပြည့်ခင်အထိ အခုလိုအိုမင်းဟောင်းနွမ်းနေတဲ့တင့်ကားတွေကို အသုံးပြုနေရဆဲဖြစ်ကြောင်း အီဂါက ပြောပါတယ်။
တခြားအနောက်နိုင်ငံတွေက တင့်ကားတွေအပါအဝင် Leopard တင့်ကားတွေဟာ ယူကရိန်းစစ်ပွဲကို အောင် နိုင်ရေးအတွက် အဓိကအရေးပါတဲ့တင့်ကားတွေလို့ ရှုမြင်ထားကြပါတယ်။
ဂျာမနီနိုင်ငံအနေနဲ့ Leopard 2 တင့်ကား တပ်ရင်းတစ်ဝက်စာ ပေးပို့သွားပေးမယ်လို့ ဂျာမန်ကာကွယ်ရေးဝန် ကြီး ဘောရစ်ပစ်တိုရီးယပ်စ်က မကြာသေးခင်က ပြောပါတယ်။
“ကျွန်တော်တို့နိုင်ငံထုတ် Leopard 2 တင့်ကားတွေကို မတ်လနောက်ဆုံးပတ်လောက်မှာ ပို့ဆောင်ပေးသွားမှာ ဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။” လို့ ၎င်းက AFP သတင်းဌာနကိုပြောပါတယ်။
Ref: Ukraine Commander: Can’t Fight Russians with Tanks ‘Twice My Age’
#PeopleMedia
(unicode)
…………………………………………………..
Ref: Ukraine Commander: Can’t Fight Russians with Tanks ‘Twice My Age’
#PeopleMedia