ခင်ဦးမြို့နယ် ပျဉ်ထောင် ပြည်သူ့စစ်ကျေးရွာတွင် ရိက္ခာပြတ်တောက်နေသဖြင့် အမြန်ဆုံး ပို့ဆောင်ပေးရန် ဒေသခံများ တောင်းဆို
PUBLISHED - October 22, 2024
နေပြည်တော်၊ အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်(ပြင်ထောင်) ပြည်သူ့စစ်ကျေးရွာတွင် ရိက္ခာပြတ် တောက်နေသဖြင့် အမြန်ဆုံးပို့ဆောင်ပေးရန် ဒေသခံများမှ တောင်းဆိုနေကြသည်။
ခင်ဦးမြို့နှင့် ရေဦးမြို့ကြားတွင် တည်ရှိသည့် ပျဉ်ထောင်ကျေးရွာတွင် ရိက္ခာပြတ်တောက်နေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ဆားပင်စားရန်မရှိတော့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“ရွာကို ရိက္ခာမရောက်တာ တစ်နှစ်ကျော်ပြီ။ ရွာသူ၊ရွာသားတွေက ဆေးဝါးမပြောနဲ့ ဆားတောင် စားစရာ မရှိတော့ဘူး။ လူနာတွေကလည်း ဆေးဝါးတွေ မရှိတော့ ဒီအတိုင်း ခံနေကြရတယ်။ ဆန်ကတော့ အရင်တုန်းက ကျန်နေတဲ့ စပါးတွေ ကြိတ်ခွဲစားနေရတယ်။ ပတ်ချာလည်ကျေးရွာတွေကလည်း PDF ရွာတွေ ဖြစ်နေတယ်” ဟု ဒေသခံတစ်ဦး ပြောသည်။
ယင်းအပြင် PDF အဖွဲ့ဝင်များအနေဖြင့် ခင်ဦးမြို့နယ် ရွှေကူတဲစုကျေးရွာတွင် နေထိုင်ပြီး ပျဉ်ထောင်ကျေးရွာ ဘက်သို့ ဒရုန်းများ အသုံးပြုကာ မကြာခဏ တိုက်ခိုက်နေကြောင်း သိရသည်။
#PeopleMedia