ခရိုင်းမီးယားကျွန်းဆွယ်ကို ယူကရိန်းတိုက်ခိုက်မှု အမေရိကန်မှာတာဝန်ရှိကြောင်း ရုရှားပြော
PUBLISHED - June 24, 2024
နိုင်ငံတကာ၊ ဇွန် ၂၄
အမေရိကန်ထောက်ပံ့ထားတဲ့ဒုံးကျည်တွေနဲ့ ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ယူကရိန်းက ပစ်ခတ်ခဲ့ရာ ကလေးသူငယ်နှစ်ဦးအပါအဝင် လူ ၅ ဦးသေဆုံးပြီး ၁၅၁ ဦး ဒဏ်ရာရခဲ့တဲ့အတွက် အမေရိကန် ပြည်ထောင်စုမှာ တာဝန်ရှိကြောင်း ရုရှားအစိုးရက တနင်္ဂနွေနေ့ (ဇွန်လ ၂၃ ရက်နေ့) က ပြောကြားလိုက်ပါ တယ်။
အမေရိကန်ထောက်ပံ့ထားတဲ့ ကလပ်စတာထိပ်ဖူးတွေတပ်ဆင်ထားတဲ့ ATACMS ဒုံးကျည် ၄ စင်းကို ရုရှား လေကြောင်းရန်ကာကွယ်ရေးက ပစ်ချခဲ့သလို ပဉ္စမမြောက်ဒုံးကျည်ဟာလည်း လေထဲမှာပဲ ပေါက်ကွဲသွားခဲ့ ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒေသခံတွေ အားလပ်ရက် အပန်းဖြေတဲ့ ဆီဗက်စ်တိုပိုလ်မြို့ရဲ့ မြောက်ဘက်က ကမ်းခြေတစ်ခုကို မွန်းတည့် ၁၂ နာရီကျော်ခါစမှာ ဒုံးကျည်အပိုင်းအစတွေ ကျရောက်ခဲ့ကြောင်း ရုရှားခန့်ထားတဲ့ အာဏာပိုင်တွေက ပြောပါ တယ်။ ဒီဒုံးကျည်ပစ်ခတ်မှုကြောင့် ရုရှားတွေကြားမှာ ဒေါသူပုန်ပွားခဲ့ကြပါတယ်။
အမေရိကန်သူလျှိုဂြိုဟ်တုတွေရဲ့ သတင်းအချက်အလက်တွေပေါ် အခြေခံပြီး ဒုံးကျည်ပျံသန်းရမယ့် မြေပုံညွှန်း တွေကို အမေရိကန်ကျွမ်းကျင်သူတွေက ချမှတ်ပေးတာဖြစ်လို့ အမေရိကန်အစိုးရမှာ တိုက်ရိုက်တာဝန်ရှိ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
“ဆီဗက်စ်တိုပိုလ်မြို့က အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တဲ့အတွက် အဲဒီလက် နက်တွေထောက်ပံ့ခဲ့တဲ့ အမေရိကန်အစိုးရမှာ အလုံးစုံတာဝန်ရှိသလို အဲဒီလက်နက်တွေ အသုံးပြုပစ်ခတ်ခဲ့တဲ့ ယူကရိန်းအစိုးရမှာလည်း တာဝန်ရှိပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားက ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်မှာ အဲဒီပင်လယ်နက်ကျွန်း ဆွယ်ကို ရုရှားနိုင်ငံရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် သတ်မှတ်ထားပေမဲ့ နိုင်ငံတကာကတော့ အဲဒီနေရာကို ယူက ရိန်းနိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ်သာ သတ်မှတ်ထားပါတယ်။
ရုရှားသမ္မတဗလာဒီမာပူတင်ဟာ အနောက်အုပ်စုရဲ့ ရန်လိုကျူးကျော်မှုကိုကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ယူကရိန်းနိုင်ငံထဲကို စစ်တပ်အင်အားအများအပြား စေလွှတ်ပြီး စ တင် ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။
ယူကရိန်းနဲ့ အနောက်နိုင်ငံတွေကတော့ “ရုရှားဟာ နယ်ချဲ့ပုံစံနဲ့ ကျူးကျော်တိုက်ခိုက်နေတာဖြစ်ကြောင်း” ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုက ယူကရိန်းနိုင်ငံကို ကီလိုမီတာ ၃၀၀ (၁၈၆ မိုင်) အထိ ပစ်ခတ်နိုင်တဲ့ ATACMS တာဝေးပစ် အတွဲလိုက်ဒုံးကျည်တွေကို အခုနှစ်အစောပိုင်းက စတင်ထောက်ပံ့ခဲ့ပါတယ်။
Ref: Russia says US is responsible for deadly Ukrainian attack on Crimea
#PeopleMedia