ခရိုင်းမီးယားကျွန်းဆွယ် အမေရိကန်ထောက်ပံ့ထားတဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်ခံရတဲ့အတွက် အမေရိကန်ကို လက်တုံ့ပြန်မယ်လို့ ရုရှားပြော
PUBLISHED - June 25, 2024
နိုင်ငံတကာ၊ ဇွန် ၂၅
အမေရိကန်ထောက်ပံ့ထားတဲ့ ATACMS ဒုံးကျည်တွေကို အသုံးပြုပြီး ခရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ခိုက်ခဲ့ တဲ့အတွက် အမေရိကန်ကို ပြန်လည်လက်စားချေသွားမှာဖြစ်ကြောင်း ရုရှားအစိုးရက အမေရိကန်သံအမတ်ကို တနင်္လာနေ့ (ဇွန်လ ၂၄ ရက်နေ့) က ခေါ်ယူသတိပေးလိုက်ပါတယ်။
ယူကရိန်းက ခရိုင်းမီးယားကျွန်းဆွယ်ကို ဇွန်လ ၂၃ ရက်နေ့က ATACMS ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ကလေးသူငယ် ၂ ဦးအပါအဝင် လေးဦးထက်မနည်းသေဆုံးပြီး ၁၅၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် ရုရှားနဲ့ အနောက်အုပ်စုကြား ဆက်ဆံရေးတင်းမာမှုတွေ ပိုမိုဆိုးရွာလာပြီး စစ်ပွဲဟာ အန္တရာယ်အရှိဆုံး အခြေအနေထဲကို ဝင်ရောက်လာနေကြောင်း ရုရှားအရာရှိတွေက ပြောပါတယ်။
၂၀၁၄ ခုနှစ်မှာ ရုရှားက သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားကျွန်းဆွယ် တိုက်ခိုက်ခံရမှုအတွက် အမေရိကန်ပြည် ထောင်စုကို တိုက်ရိုက်အပြစ်တင်တာဟာ နောက်ထပ်အဆင့်တစ်ရပ်ဖြစ်ပါတယ်။
“ခင်ဗျားတို့ အစိုးရတွေ ဘာ့ကြောင့် ရုရှားကလေးတွေကို သတ်နေရတာလဲဆိုတာ ဥရောပက လုပ်ဖော်ကိုင် ဖက်တွေနဲ့ ဝါရှင်တန်မှာရှိတဲ့သူအားလုံးနဲ့ အစိုးရအရာရှိတွေကို မေးသင့်တယ်။” လို့ ကရင်မလင်အစိုးရ ပြော ခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။
ကလေးနှစ်ယောက်အပါအဝင် လေးဦးသေဆုံးပြီး ၁၅၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ရုရှားဘက်ကပြောပေမဲ့ ယူကရိန်းအစိုးရကတော့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတဲ့စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံအမတ် လင်းထရေစီကို ဆင့်ခေါ်ခဲ့ပြီး “ဝါရှင်တန်အစိုးရအနေနဲ့ ရုရှားနိုင်ငံကို နှစ်မျိုးစပ်စစ်ပွဲ ဆင်နွှဲနေကြောင်း၊ ဝါရှင်တန်ဟာ စစ်ပွဲရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီဖြစ် ကြောင်း” ပြောဆိုခဲ့ပါတယ်။
“လက်တုံ့ပြန်အရေးယူဆောင်ရွက်မှုကို ပြန်လည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ရုရှားအစိုးရကပြောပါ တယ်။
ဝါရှင်တန်အစိုးရအနေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်းပြောပါတယ်။
ခရိုင်းမီးယားအပါအဝင် ယူကရိန်းအချုပ်အခြာအာဏာပိုင်နယ်မြေတွေကို ကာကွယ်နိုင်ဖို့အတွက် ယူကရိန်းကို အမေရိကန်အစိုးရက လက်တက်တွေထောက်ပံ့ခဲ့တာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် မက်သရူးမီလာက သတင်းထောက်တွေကို ပြောပါတယ်။
“ယူကရိန်းနိုင်ငံက ပစ်မှတ်ရွေးချယ်တာတွေရော အဲဒီပစ်မှတ်ကိုတိုက်ခိုက်တာရော ကိုယ်တိုင်ဆုံးဖြတ်ဆောင် ရွက်တာဖြစ်ပြီး ၎င်းတို့စစ်ဆင်ရေးတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်နေတာဖြစ်ကြောင်း” ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချာလီဒိုင်းယက်ဇ်က ပြောပါတယ်။
ယူကရိန်းက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာမဟုတ်ဘဲ ရုရှားက ယူကရိန်းပစ်လိုက်တဲ့ ATACMS ဒုံးကျည်တစ်စင်းကို ကြားဖြတ်ပစ်ချလိုက်နိုင်ချိန်မှာ အဲဒီ ATACMS ဒုံးကျည်က ရုရှားအရပ်သားတွေ ရှိနေတဲ့ကမ်းခြေမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်နိုင်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။
Ref: Russia promises retaliation against US for Ukraine strike on Crimea
#PeopleMedia