ခါကိဗ်ဒေသကို ကာကွယ်ဖို့ အမေရိကန်ထောက်ပံ့ထားတဲ့လက်နက်တွေကို အသုံးပြုပြီး ရုရှားအတွင်းပိုင်းအထိ တိုက်ခိုက်ဖို့ ယူကရိန်းကို အမေရိကန်ခွင့်ပြု

PUBLISHED - June 1, 2024
နိုင်ငံတကာ၊ ဇွန် ၁
အမေရိကန်ထောက်ပံ့ထားတဲ့လက်နက်တွေနဲ့ ရုရှားနယ်မြေအတွင်းပိုင်းကို မပစ်ရဘူးလို့ ယူကရိန်းနိုင်ငံကို ကန့် သတ်တားမြစ်ထားတာကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း အမေရိကန်အရာရှိ တွေက ကြာသပတေးနေ့ (မေလ ၃၀ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ယူကရိန်းနိုင်ငံ ခါကိဗ်ဒေသကို ရုရှားတပ်တွေ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေတာကို ကာကွယ်ဖို့အ တွက် အခုလို ကန့်သတ်ချက်တွေကို ပယ်ဖျက်ပြီး အမေရိကန်လက်နက်တွေကို အသုံးပြုခွင့်ပေးလိုက်တာဖြစ်ပါ တယ်။
အဲဒီကန့်သတ်ချက်ကို ရုပ်သိမ်းပေးဖို့ ယူကရိန်းနိုင်ငံက ဖိအားပေးတောင်းဆိုနေပေမဲ့ ရုရှား-ယူကရိန်းစစ်ပွဲမှာ နေတိုးအဖွဲ့ တိုက်ရိုက်ပါဝင်ပတ်သက်လာမှာကို စိုးရိမ်ပြီး ဘိုင်ဒန်က အခုအချိန်အထိ ထိန်းချုပ်ထားခဲ့တာဖြစ်ပါ တယ်။
“ခါကိဗ်ဒေသမှာ ပြန်လည်ခုခံနိုင်ဖို့အတွက် အမေရိကန်ထောက်ပံ့ထားတဲ့ လက်နက်တွေကို ယူကရိန်းနိုင်ငံက အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးဖို့ သမ္မတကြီးက မကြာသေးခင်ကပဲ ညွှန်ကြားခဲ့ပါတယ်။ ဒါ့ကြောင့် ယူက ရိန်းတပ်တွေဟာ ၎င်းတို့ကို တိုက်ခိုက်နေတဲ့ရုရှားတပ်တွေ ဒါမှမဟုတ် တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ ရုရှားတပ် တွေကို ပြန်လည်တိုက်ခိုက်နိုင်ပြီဖြစ်ပါတယ်။” လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးကပြောပါ တယ်။
“ကြည်းတပ်သုံး နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးပစ်လောင်ချာ (ATACMS) တွေ ဒါမှမဟုတ် တာဝေးပစ်လက်နက် ကြီးတွေနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံထဲကို ပစ်ခတ်တိုက်ခိုက်ဖို့ တားမြစ်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရဲ့မူဝါဒကတော့ ပြောင်းလဲမှုမရှိပါဘူး။” လို့ မကြာသေးခင်က အမေရိကန်အစိုးရက ယူကရိန်းကို ပို့ခဲ့တဲ့ တာ ဝေးပစ်ဒုံးကျည်တွေကို ရည်ညွှန်းပြီး အဆိုပါအရာရှိက ပြောပါတယ်။
နောက်ထပ် အမေရိကန်အရာရှိတစ်ဦးကတော့ “သမ္မတဂျိုးဘိုင်ဒန်ရဲ့ မူဝါဒ ပြောင်းသွားပြီ။” လို့ ပြောပါတယ်။ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးကတော့ ၎င်းတို့ကိုထောက်ခံတဲ့နိုင်ငံတွေ အထူးသဖြင့် အမေရိကန်က ထောက်ပံ့ထားတဲ့ တာဝေးပစ်လက်နက်တွေနဲ့ ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေကို တိုက်ခိုက်ခွင့်ပြုဖို့ အရင်က တည်းက တောက်လျှောက်တောင်းဆိုနေခဲ့တာဖြစ်ပါတယ်။
ယူကရိန်းအနေနဲ့ ၎င်းတို့လက်ထဲမှာရှိနေတဲ့ လက်နက်တွေနဲ့ ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက် ဖို့ အသုံးပြုခွင့်ရှိကြောင်း ဗြိတိန်နဲ့ နယ်သာလန်အပါအဝင် နိုင်ငံတချို့ကလည်း ထောက်ခံပြောဆိုပါတယ်။
သမ္မတဘိုင်ဒန်ဟာ မူဝါဒပြောင်းလဲနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မေလ ၅ ရက်နေ့က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
Ref: Biden Lets Ukraine Hit Russia with US Arms to Defend Kharkiv
#PeopleMedia