ခိုရာချာယိုင်ကျွန်းမှာ ပိတ်မိနေတဲ့ ကမ္ဘာလှည့်ခရီးသွား ၁၄၃ ဦးကို ထိုင်းရေတပ်က သွားရောက်ကယ်တင်ခဲ့
PUBLISHED - September 20, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၂၀
ထိုင်းရေတပ်က ကမ်းရိုးတန်းကင်းလှည့်ရေယာဉ်တစ်စီးဟာ ဖူးခက်အရှေ့တောက်ဘက်မှာရှိတဲ့ ခိုရာချာယိုင် ကျွန်းပေါ်မှာ သောင်တင်နေတဲ့ တရုတ်၊ ရုရှား၊ အရှေ့အလယ်ပိုင်းဒေသက ကမ္ဘာလှည့်ခရီးသည် ၁၄၃ ဦးကို စက်တင်ဘာလ ၁၉ ရက်နေ့က သွားရောက်ကယ်တင်ခဲ့ပါတယ်။
ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေပါဝင်တဲ့ အဲဒီကမ္ဘာလှည့်ရီးသွား ၁၄၃ ဦးဟာ ခိုရာချာယိုင်ကျွန်းကနေ ဖူးခက်ကို သွားရမှာဖြစ်ပေမဲ့ အဲဒီအချိန်မှာ အမြန်ရေယာဉ်တစ်စီးမှ မရှိဘူးလို့ ဆို ပါတယ်။
ဖူးခက်ကို အချိန်မီရောက်မှသာ ၎င်းတို့စီစဉ်ထားတဲ့ လေကြောင်းခရီးစဉ်နဲ့ ဆက်လက်ထွက်ခွာနိုင်မှာဖြစ်ပါ တယ်။ အဲဒီနေ့က အက်ဒမန်ပင်လယ်ထဲမှာ မိုးသက်မုန်တိုင်းရှိတဲ့အတွက် လှေငယ်တွေ ကမ်းကနေ မထွက်ခွာဖို့ အစိုးရဌာနက သတိပေးချက်ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
ပင်လယ်ထဲမှာ ၃ မီတာကနေ ၄ မီတာ အထိမြင့်မားတဲ့ လှိုင်းကြီးနေပြီး ရာသီဥတုကြမ်းတမ်းနေတဲ့အတွက် ကမ္ဘာလှည့်ရီးသွားလုပ်ငန်း ကုမ္ပဏီတွေနဲ့ ဟိုတယ်လုပ်ငန်းတွေက အမှတ် ၃ ရေတပ်စစ်ဌာနချုပ်ကို အကူအညီ လှမ်းတောင်းခဲ့ပါတယ်။
ထိုင်းရေတပ်က ၎င်းတို့ရဲ့ Tor 111 ကင်းလှည့်ရေယာဉ်ကို စေလွှတ်ပေးလိုက်ပြီး ပိတ်မိနေတဲ့ ကမ္ဘာလှည့်ခရီး သည်တွေကို သွားရောက်ခေါ်ဆောင်ပြီး ဖူးခက်ကျွန်းကို ပို့ဆောင်ပေးခဲ့ပါတယ်။
ဆောင်ခလာမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးအကြီးအကဲ မစ္စတာလီချောင်လွန်းက တရုတ်နိုင်ငံသားတွေကို အခုလို ကူညီခဲ့တဲ့အတွက် ထိုင်းအစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
အခုလို လွဲချော်မှုတွေဟာ လူကြောင့်မဟုတ်ဘဲ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပေမဲ့ ထိုင်းအာဏာပိုင်တွေ ဟာ ဖြစ်ပေါ်လာတဲ့အခြေအနေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်ပြီး တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဘေးကင်းလုံခြုံမှုကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။
Ref: 143 Chinese, Russian and Middle East tourists stranded on Koh Racha Yai praise Thai authorities for swift rescue
#PeopleMedia