ခေတ်အဆက်ဆက်တွင် နိုင်ငံဝင်ငွေရရှိရေးအတွက် သစ်များထုတ်ယူရောင်းချခဲ့သဖြင့် သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းသည် ၄၂ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာဟု နစကဥက္ကဋ္ဌပြောကြား
PUBLISHED - September 8, 2023
နေပြည်တော်၊ စက်တင်ဘာ ၈
ခေတ်အဆက်ဆက်တွင် နိုင်ငံဝင်ငွေရရှိရေးအတွက် သစ်များထုတ်ယူရောင်းချခဲ့သဖြင့် သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းသည် ၄၂ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခဲ့သည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သလောက်သာ ထုတ်ယူသုံး စွဲခြင်း၊ ပြန်လည်စိုက်ပျိုးမှု များကို ပြုလုပ်ခြင်းဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ ပတ်ဝန်းကျင်၊ ဂေဟစနစ်ထိန်းသိမ်းခြင်းတို့ကို ဟန်ချက်ညီ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ စနစ်တကျ ထုတ်ယူသုံးစွဲမှုမရှိဘဲ အလွန်အကျွံထုတ်ယူသုံးစွဲခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုများကို ကြုံတွေ့ရခြင်း ဖြစ်ပြီး ယခင်နေပြည်တော်ဒေသ၏ ရာသီ ဥတုသည် ၂၀၀၆ ခုနှစ်တွင် ပျမ်းမျှအပူချိန် ၂၆ ဒသမ ၉၇ ဒီဂရီ စင်တီဂရိတ်ခန့်သာ ရှိခဲ့ရာ ယခုအချိန်တွင် ပျမ်းမျှ အပူချိန် ၂၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ တိုးမြင့်လာ သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း တပ်မတော်အနေဖြင့် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် လူထုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးမှုများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ် ကြောင်းဖြင့် ပြောသည်။
မိမိတို့နိုင်ငံ၏ ပထဝီအနေအထားကို ကြည့်မည်ဆိုပါက သက်ရှိလူသား တစ်ယောက်အတွက် ပကတိအားဖြင့် ပြီးပြည့်စုံသည့် လိုတရပဒေသာပင်ပေါက်ရာ ရပ်ဝန်းတစ်ခုဟု ဆိုနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ တည်ရှိနေပုံ ကိုကြည့်ပါက နိုင်ငံ၏ အနောက်ဘက်၊ မြောက်ဘက်နှင့် အရှေ့ဘက်တို့တွင် မြင့်မားသည့် တောင်တန်းကြီး များရှိသကဲ့သို့ ယင်းတောင်တန်းများအပေါ်တွင် သစ်တောသစ်ပင်များ များစွာ ပေါက်ရောက်နေရာယူထား ကြကြောင်း၊ ထို့အပြင် အနောက်ရိုးမတောင်တန်းကြီးနှင့် အရှေ့ရိုးမတို့ကြားတွင် ချင်းတွင်း၊ ဧရာဝတီ၊ စစ် တောင်းမြစ်တို့နှင့်ယှဉ်ပြီး ပုံတောင် ပုံညာရိုး၊ အလယ်ရိုးမ(မင်းဝံတောင်ရိုး)နှင့် ရှမ်းကုန်းပြင်မြင့်တို့ရှိပြီး ယင်း တောင်ရိုး တောင်တန်းများတွင်လည်း သစ်တောကြီးများဖြင့် ဖုံးအုပ်လျက်ရှိကြောင်း၊ အဆိုပါ သစ်တောများကို စနစ်တကျအသုံးပြုနိုင်မှသာ အကျိုးရှိနိုင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သစ်တောထူထပ်ပြီး အဖိုးတန်သစ်တောတွေရှိသည့် မိမိတို့နိုင်ငံကို နယ်ချဲ့ များက မတရားကျူးကျော်မှုများ ပြုလုပ်ခဲ့ကြပြီး အတိုင်းအဆမရှိ သစ်တောများကို ခုတ်လှဲယူခဲ့ ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင်လည်း နိုင်ငံ ဝင်ငွေရရှိရေးအတွက် သစ်များ ထုတ်ယူရောင်းချခဲ့သဖြင့် သစ်တောဖုံးလွှမ်းမှု ရာခိုင် နှုန်းသည် ၄၂ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခဲ့သည်ကို တွေ့ရှိရကြောင်းဖြင့် ပြောသည်။
မိမိတို့အနေဖြင့် သစ်တောသစ်ပင်များပြန်လည်ထူထောင် ဖြည့်တင်းခြင်းများကို မှန်မှန်ကန်ကန်ဆောင်ရွက်မှု မရှိပါက သဘာဝတရား၏ရိုက်ခတ်မှုဒဏ်ကို ခံကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် သစ်တောများနှင့် နီး ကပ်နေသည့် ကျေးလက်ဒေသ များတွင် သစ်ပင်သစ်တောများကို ထိန်းသိမ်းကြရေးနှင့် မြို့ပြများတွင် နေထိုင်ကြ သူများအနေဖြင့်လည်း မိမိပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှု ရရှိစေရေးကို အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် လွှမ်းခြုံဆောင်ရွက်သင့်သည်ကို ပြောကြားလိုကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်။
#PeopleMedia