ခဲယမ်းပြတ်လတ်နေတဲ့အတွက် ယူကရိန်းစစ်သည်တချို့ ဆိုဗီယက်ခေတ်ထုတ် ရိုင်ဖယ်တွေကို ပိုမိုနှစ်သက်နေ

PUBLISHED - April 25, 2024
နိုင်ငံတကာ၊ ဧပြီ ၂၅
ခဲယမ်းပြတ်တောက်မှုကြောင့် ယူကရိန်းစစ်သည်တချို့ဟာ လက်ရှိအချိန်မှာ အနောက်နိုင်ငံထုတ်လက်နက် ငယ်တွေထက် ဆိုဗီယက်ခေတ်ထုတ် ချေမှုန်းရေးရိုင်ဖယ်တွေကို ပိုမိုနှစ်သက်နေကြောင်း The Defense Post မှာ ရေးသားထားပါတယ်။
၎င်းပါဝင်တဲ့တပ်ဖွဲ့က စစ်သည်တွေဟာ စစ်မြေပြင်မှာ ကျည်ရှာရတာ ပိုမိုလွယ်ကူတဲ့ AK-74 ရိုင်ဖယ်ကို ပိုမိုနှစ် သက်ကြကြောင်း ယူကရိန်း အမှတ် ၅၉ ခြေလျင်တပ်ရင်းမှာ စနိုက်ပါစစ်သည်ဖြစ်တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်ဖွား ဂျွန်နသန်ပိုးကက်က Business Insider ကို ပြောပါတယ်။
ရုရှားတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းလက်နက်တိုက်ထဲမှာရှိနေတဲ့ ဆိုဗီယက်ခေတ်ထုတ်လက်နက်အများအပြားနဲ့ တွဲဖက်သုံးစွဲနိုင်တဲ့ ၅.၄၅x၃၉ မမကျည်တွေကို များသောအားဖြင့် အသုံးပြုနေကြောင်း ၎င်းက ပြောပါတယ်။
အနောက်နိုင်ငံထုတ် ရိုင်ဖယ်တွေဟာ စစ်မြေပြင်မှာ ရှာဖွေရခက်ခဲတဲ့ နေတိုးစံနှုန်း ၅.၅၆x၄၅ မမ ကျည်တွေကို အသုံးပြုနေတာဖြစ်ကြောင်း ပိုးကက်က ပြောပါတယ်။
“AK-74 ရိုင်ဖယ်ကို ကျွန်တော်တို့စစ်သည်တွေ ပိုမိုနှစ်သက်ရတဲ့အကြောင်းက ဒီလက်နက်စနစ်ဟာ ယူကရိန်းနဲ့ ရုရှားတွေအတွက် ပေါပေါများများ ရရှိနိုင်တာကြောင့်ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ယူကရိန်းစစ်သည်တွေက အနောက်နိုင်ငံထုတ် ရိုင်ဖယ်တွေကိုအသုံးပြုဖို့ ဆက်လက်တောင်းဆိုနေမယ်ဆိုရင် တဖြည်းဖြည်း လျော့နည်းလာြ့ပီဖြစ်တဲ့ နိုင်ငံခြားတိုင်းပြည်တွေက အထောက်အပံ့တွေကို အလွန်အကျွံမှီခိုနေရ မှာဖြစ်တယ်လို့ ဆိုပါတယ်။
ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီသစ်တွေကို မကြာသေးခင်က အမေရိကန်အောက်လွှတ်တော်က ခွင့်ပြုလိုက်ချိန်မှာပဲ အခုလို ဂျွန်နသန်ပိုးကက်က ပြောကြားလိုက်တာဖြစ်ပါတယ်။
Ref: Some Ukrainian Troops Now Prefer Soviet-Era Rifles amid Ammo Shortage: Report
#PeopleMedia