ခဲယမ်းပြတ်လပ်မှုကြောင့် ရုရှားတပ်တွေကို ယူကရိန်းဘက်က ပြန်လည်မတိုက်ခိုက်နိုင်
PUBLISHED - December 20, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၀
ယူကရိန်းစစ်သားတွေဟာ ခဲယမ်းပြတ်လပ်မှုကြောင့် ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းမ ရှိဘူးလို့ ယူကရိန်းလွှတ်တော်အမတ်တစ်ဦးက ပြောကြားလိုက်ပါတယ်။
ယူကရိန်းလက်နက်တိုက်ထဲက တစ်ဝက်လောက်ဟာ ပြောင်သလင်းခါသွားပြီဖြစ်တဲ့အတွက် ရှေ့တန်းမှာရှိနေ တဲ့ ယူကရိန်းအမြောက်တပ်တွေဟာ ရုရှားတပ်တွေကို ပြန်လည်ပစ်ခတ်နိုင်စွမ်းမရှိကြောင်း နိုင်ငံခြားကစစ်ရေး အကူအညီရှာဖွေနေတဲ့ ကော်မရှင်အဖွဲ့ကို ဦးဆောင်တဲ့ လွှတ်တော်အမတ် အိုလက်စန္ဒရာ အက်စ်တီနိုဗာက ABC သတင်းဌာနကို ပြောပါတယ်။
ရုတ်တရက်ကြီး အမြောက်ကျည်ထောက်ပံ့မှုလျော့ပါးသွားတာဟာ စစ်သည်တွေကို စိတ်ဓာတ်ကျဆင်းစေပြီး တိုက်ပွဲဝင်ဖို့ အဓိပ္ပာယ်မရှိသလို ခံစားရစေကြောင်း ၎င်းက ပြောပါတယ်။
“ကျွန်မချဲ့ကားပြောနေတာ မဟုတ်ပါဘူး။ အတော့်ကို ဆိုးရွားတာပါ။ ကျွန်မတို့ နောက်ထပ်တပ်စခန်းတွေ ထပ် မံဆုံးရှုံးရတော့မှာပါ။ အကူအညီမရဘဲ တစ်နိုင်ငံတည်းရုန်းနေရမယ်ဆိုရင် ကျွန်မတို့ ဒီစစ်ပွဲကို နိုင်အောင်တိုက် နိုင်မှာမဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
တဖြည်းဖြည်းလျော့ပါးလာတဲ့ လက်နက်ခဲယမ်းထောက်ပံ့မှုကြောင့် ယူကရိန်းနိုင်ငံက အသည်းအသန်ရုန်းကန် နေရပေမဲ့ ရုရှားနိုင်ငံကတော့ စစ်ပွဲကနဦးအဆင့်မှာကတည်းက ပြောထားတဲ့အတိုင်း အဲဒီအမှားမျိုးကို ရှောင် ရှားနိုင်ဖို့အတွက် စစ်လက်နက်ပစ္စည်းတွေကို သိသိသာသာ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ကြောင်း အက်စ်တီနိုဗာက ပြောပါတယ်။
ယူကရိန်းနိုင်ငံအတွက်တော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက စစ်ဒဏ်ခံနေရတဲ့နိုင်ငံကို ဒေါ်လာ ဘီလျံ ၄၀ ကျော်ကူညီခဲ့တဲ့ ၎င်းတို့ရဲ့အကြီးမားဆုံးစစ်လက်နက်ပစ္စည်းထောက်ပံ့တဲ့ အမေရိကန်နိုင်ငံ ကျန်သေးတယ် လို့ ဆိုပါတယ်။
ဒါပေမဲ့ လကျ်ာဝါဒီ ရီပတ်ဘလီကန်အမတ်တွေက ယူကရိန်းကို နောက်ထပ်အကူအညီပေးဖို့ ငြင်းပယ်ခဲ့ကြပြီး မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ကွန်ဂရက်လွှတ်တော်တွင်းက သဘောထားကွဲပြားမှုတွေကြောင့် ယူကရိန်းကို နောက်ထပ် ရန်ပုံငွေထောက်ပံ့မယ့်အရေးဟာ ရပ်ဆိုင်းခဲ့ရပါတယ်။
ကွန်ဂရက်လွှတ်တော်က ယူကရိန်းအတွက် နောက်ထပ်အကူအညီပေးဖို့ ခွင့်မပြုသေးခင်အထိ ယူကရိန်းကို ထောက်ပံ့ကူညီဖို့ အမေရိကန်အစိုးရဆီမှာ ရန်ပုံငွေ တစ်ကြိမ်/နှစ်ကြိမ်စာလောက်သာ ကျန်တော့ကြောင်း အခု သီတင်းပတ်အစောပိုင်းက အိမ်ဖြူတော်က သတိပေးခဲ့ပါတယ်။
အလားတူ ဆလိုဗက်ကီးယားမှာလည်း ရုရှားလိုလားတဲ့ ရောဘတ်ဖီဆိုရဲ့ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရလာပြီး နောက် ဆလီဗက်ကီးယားနိုင်ငံကလည်း ယူကရိန်းကို နောက်ထပ်စစ်ရေးအကူအညီမပေးနိုင်တော့ဘူးလို့ ကြေ ညာခဲ့ပါတယ်။
ယူကရိန်းနိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ထောက်ပံ့မှုတွေကို လုံးလုံးလျားလျား မှီခိုအားထားနေရတာကြောင့် အခုလိုထောက်ပံ့မှုတွေ လျော့ပါးလာတာဟာ ယူကရိန်းနိုင်ငံအတွက် ပြဿနာကြီးတစ်ရပ်ဖြစ်တယ်လို့ ထိပ် တန်းဗိုလ်ချုပ်ကြီး အိုလက်ဇန္ဒား တာရာနဗ်စကီးက ပြောပါတယ်။
“လက်ရှိလိုအပ်ချက်တွေကိုကြည့်ရင် ကျွန်တော်တို့မှာရှိတဲ့ ခဲယမ်းပမာဏဟာ မလုံလောက်တော့ပါဘူး။ ဒါ့ ကြောင့် ကျွန်တော်တို့ အဲဒီခဲယမ်းတွေကို ပြန်လည်ပြင်ဆင်ခွဲဝေကြရပါမယ်။ ကျွန်တော်တို့ကိုယ်တိုင်ချမှတ်ခဲ့တဲ့ လုပ်ငန်းတာဝန်တွေကို ကျွန်တော်တို့ ပြန်လည်ပြင်ဆင်ရပါလိမ့်မယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Ukraine Unable to Respond to Russian Attacks Due to Ammo Shortage: Report
#PeopleMedia