ချင်းပြည်နယ်တိုက်ပွဲအတွင်း၌ တစ်ရက်ထဲ ချင်း CDF အဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့

PUBLISHED - January 24, 2022
မုံရွာ၊ ဇန်နဝါရီ ၂၄ (People Media)
ဇန်နဝါရီ ၂၃ ရက်နေ့က ချင်းပြည်နယ်၊ ဖလမ်း၊ မတူပီ၊ ကန်ပတ်လက်မြို့၌ ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲအတွင်း ချင်း CDF အဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကြောင်း ချင်းပြည်နယ် အခြေစိုက်မီဒီယာတစ်ခုဖြစ်သည့် Zalen က ဖော်ပြထား သည်။
ကျဆုံးခဲ့သူများသည် ဖလမ်းမြို့နယ်တိုက်ပွဲ၌ CNDF တပ်ဖွဲ့ ဆလိုင်းဆပ်ဒိင့်ထွားမာ (၃၁ နှစ်)၊ မတူပီမြို့နယ် တိုက်ပွဲ၌ Matupi CDF တပ်ရင်း(၂) တပ်ရင်းမှူး ဆလိုင်းဆန်ထာနှင့် ကန်ပက်လက်မြို့နယ်က တိုက်ပွဲတွင် CDF Kanpetlet ဆလိုင်းစည်သူအောင် (၁၆ နှစ်) တို့ဖြစ်ကြောင်း Zalen က ဖော်ပြထားသည်။
ဆလိုင်းဆန်တာသည် မတူပီ CDF အဖွဲ့၌ တပ်ရင်း(၂)ရင်းမှူး တာဝန်ထမ်းဆောင်ခဲ့သလို စစ်ကြောင်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကျဆုံးခဲ့ခြင်း ဖြစ်သည်။
ချင်းပြည်နယ်၌ တိုက်ပွဲများကြောင့် ဒေသခံတိုင်းရင်းသားများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ သည်။
ချင်းပြည်နယ်သည် ဒေသလက်နက်ကိုင်အဖွဲ့များ အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး လက်ရှိအချိန်၌ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်။
#PeopleMedia #Peace #ချင်းပြည်နယ်
(unicode)
……………………………………………………