ချက်သမ္မတနိုင်ငံက F-35 ဂျက်တိုက်လေယာဉ် ၂၄ စင်း ဝယ်ယူမည်
PUBLISHED - September 28, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂၈
ချက်သမ္မတနိုင်ငံဟာ အမေရိကန်ထုတ် F-35 ဂျက်တိုက်လေယာဉ် ၂၄ စင်း ဝယ်ယူသွားမှာဖြစ်ကြောင်း ချက် ဝန်ကြီးချုပ်ပက်တာဖီယာလာက စက်တင်ဘာလ ၂၇ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ပြောကြားလိုက်ပါတယ်။
“F-35 ဂျက်တိုက်လေယာဉ် ပထမအသုတ်က ၂၀၂၉ ခုနှစ်မှာ အဆင်သင့်ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံက လေသူရဲတွေလည်း အဲဒီအချိန်လောက်မှာ အဲဒီလေယာဉ်တွေနဲ့ အမေရိကန်ပြည်ထောင်စုမှာ သင်တန်းစတက် ပါလိမ့်မယ်။” လု့ိ ဖီယာလာက ပြောပါတယ်။
F-35 ဆူပါဆောနစ်ဂျက်တိုက်လေယာဉ် ပထမအသုတ်ဟာ ချက်သမ္မတနိုင်ငံကို ၂၀၃၁ ခုနှစ်မှာ ရောက်ရှိလာ မှာဖြစ်ပြီး လေယာဉ် ၂၄ စင်းစလုံး ၂၀၃၅ ခုနှစ်မှာ အပြီးရောက်ရှိလာမှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။
တိုက်လေယာဉ်အားလုံးအတွက် ကျသင့်ငွေ ချက်ငွေ ကိုရူနာ ၁၅၀ ဘီလျံ (ဒေါ်လာ ၆.၅ ဘီလျံ) ပေးချရမှာဖြစ် ကြောင်း ချက်ကာကွယ်ရေးဝန်ကြီး ဂျာနာဆာနိုကဗာက ပြောပါတယ်။
“တိုက်လေယာဉ်တွေ၊ ခဲယမ်းတွေ၊ သဏ္ဍန်တူလေ့ကျင့်ရေးပစ္စည်းတွေ၊ တခြားသင်ထောက်ကူပစ္စည်းတွေအား လုံးအတွက် ၂၀၃၄ ခုနှစ်လောက်မှာ ကျွန်မတို့ ကိုရူနာငွေ ၁၀၆ ဘီလျံ ပေးချရမှာဖြစ်ပါတယ်။” လို့ ဆာနိုကဗာ က ပြောပါတယ်။
ကျန်တဲ့ငွေကြေးတွေကတော့ လောင်စာဆီနဲ့ အခြေခံအဆောက်အအုံတွေအတွက် ကုန်ကျမှာဖြစ်တယ်လို့ ဆိုပါတယ်။
ချက်တပ်မတော်အနေနဲ့ လက်ရှိအချိန်မှာ ဆွီဒင်နိုင်ငံထုတ် Gripen ဂရစ်ပင်ဂျက်တိုက်လေယာဉ် ၁၄ စင်းကို အ သုံးပြုနေပြီး အဲဒီလေယာဉ်တွေဟာ ၂၀၂၇ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။
ချက်အစိုးရဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကတိကဝတ်နဲ့အညီ လာမယ့်နှစ်ကစပြီး GDP ရဲ့ နှစ်ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် သုံးစွဲသွားဖို့ စီစဉ်ထားပါတယ်။
“ကျွန်တော်တို့နိုင်ငံရဲ့ကာကွယ်ရေးအတွက် နေတိုးအဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေနဲ့အတူ ဆက်ဆံရေးမြှင့်တင် သွားဖို့ အရေးအကြီးပါတယ်။” လို့ ဝန်ကြီးချုပ်ဖီယာလာက ပြောပါတယ်။
“တစ်ဆင့်ပြီးတစ်ဆင့် ကျွန်တော်တို့နိုင်ငံကာကွယ်ရေးအတွက် အလေးထားဆောင်ရွက်နေတယ်ဆိုတာနဲ့ ကျွန် တော်တို့ကို ထည့်တွက်နိုင်တယ်ဆိုတာကို သူတို့ကို ကျွန်တော်တို့ပြောပြရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြော ပါတယ်။
Ref: Czech Republic to Buy 24 US-Made F-35 Fighter Jets
#PeopleMedia