ချောက်မြို့နယ်တွင် ရေနံပိုက်လိုင်းကိုဖောက်ကာ ပီပါများဖြင့် ရေနံခိုးယူသူများကို ဖမ်းဆီးအရေးယူထား
PUBLISHED - August 7, 2023
နေပြည်တော်၊ သြဂုတ် ၇
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ (၄) ရပ်ကွက်ရှိ ရေနံမြေအတွင်း ရေနံပိုက်လိုင်းကိုဖောက်ကာ ပီပါများဖြင့် ရေနံခိုးယူသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
သြဂုတ်လ (၅)ရက် နံနက် (၉)နာရီခွဲအချိန်က ချောက်မြို့နယ် (၄)ရပ်ကွက် ရေနံမြေအတွင်းတွင် OB ပိုက် လိုင်းအား ဖောက်၍ ပီပါများ အတွင်းသို့ ပိုက်ပျော့ဖြင့် သွယ်တန်းပြီး ရေနံများ ထည့်နေသော အမှတ် (၄) ရပ်ကွက်နေ မဇာဖြူလဲ့ဝင်း (၄၂) နှစ်နှင့် အမှတ်(၆) ရပ်ကွက်နေ ဖိုးပြည့် (ခ) ပြည့်ဟိန်းကျော် (၂၉)နှစ်တို့ နှစ်ဦးကို ရေနံမြေလုံခြုံရေးဌာနမှ တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ နှစ်ဦးကို မော်တော်ယာဉ် (၁)စီး၊ ဆိုင်ကယ် (၃)စီး၊ ဂါလန် ၅၀ ဆံ့ ရေနံပီပါ (၂)လုံး၊ ၂၅ ဂါလန်ခန့်ပါ ရေနံအိတ် (၁၀)လုံး၊ ရေနံပီပါ အခွံ (၁၀)လုံး၊ ၁ လက်မ ပိုက်ပျော့ ပေ (၂၀၀)နှင့် ဆက်စပ်ပစ္စည်းများကို သိမ်း ဆည်းရမိခဲ့သည်။
ယင်းအပြင် မဲကြီး(ခ)ကျော်နိုင်ဦး၊ ညီညီနှင့် အောင်အောင်ဦးတို့ သုံးဦးမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် မဇာဖြူလဲ့ဝင်းပါ ငါးဦးကို ချောက်မြို့မ ရဲစခန်းက ဥပဒေအရ အမှုဖွင့်လှစ်ပြီး ထွက်ပြေးတိမ်းရှောင် နေသူ သုံးဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia