ချောင်းဦးမြို့နယ်ရှိ ကင်မွန်းတော်နှင့် ကံဆည်းပြည်သူ့စစ်ကျေးရွာများတွင် ရိက္ခာပြတ်လပ်နေသဖြင့် လာရောက်ပို့ဆောင်ပေးရန် ဒေသခံများ တောင်းဆို

PUBLISHED - July 4, 2024
နေပြည်တော်၊ ဇူလိုင် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်နှင့် ကံဆည်း ပြည်သူ့စစ်ကျေးရွာများတွင် ရိက္ခာ ပြတ်လပ်နေသဖြင့် လာရောက်ပို့ဆောင်ပေးရန် ဒေသခံများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထံ တောင်းဆိုနေကြသည်။
ကင်မွန်းတော်နှင့် ကံဆည်းပြည်သူ့စစ်ကျေးရွာများသို့ ယခင်က ရိက္ခာများ (၄)လတစ်ကြိမ် လာရောက် ပို့ဆောင်ပေးသော်လည်း ယခုလာရောက်မပို့ဆောင်သည်မှာ (၇)လခန့် ကြာမြင့်နေပြီဖြစ်ကြောင်းနှင့် ဆေးဝါးများပါ ပြတ်လပ်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ဆန်က လက်ကျန်လေးတော့ ရှိနေသေးတယ်။ ဆီ၊ ဆား၊ ဟင်းချိုမှုန့်စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ပြတ်လပ်နေပြီ။ ပြီးတော့ ဆေးဝါးတွေလည်း ပြတ်လပ်နေတယ်။ ရွာထဲက ကိုယ်ဝန်သည်တွေ၊ ထိခိုက်ဒဏ်ရာ ရရှိထားတဲ့သူတွေ ကုသလို့မရတဲ့ အခြေအနေဖြစ်နေတယ်” ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယင်းအပြင် PDF အဖွဲ့ဝင်များက ကျေးရွာကို ပိတ်ဆို့ဝန်းရံထားသည့်အတွက် ရွာပြင်သို့ ထွက်မရသဖြင့် လယ်ယာလုပ်ကိုင် စားသောက်၍ မရကြောင်းလည်း ၎င်းကဆက်ပြောသည်။
“ရွာပြင်ထွက်ပြီး လယ်ကွင်းတွေထဲလည်း စိုက်စားလို့မရဘူး။ PDF တွေက ပတ်ပတ်လည်ကနေ ဝိုင်းပြီး ပစ်တာပေါ့ အပြင်ထွက်ရင် အဲလိုမျိုးဖြစ်နေတယ်။ ရွာထဲမှာပဲ ပိတ်မိနေတာပေါ့။ အဲဒါကြောင့် ရိက္ခာစစ် ကြောင်းကို မျှော်နေရတာပေါ့။ လာပို့ရင် ဆေးဝါးလေးတွေလည်း ပါလာမယ်။ အဲဒါမှ အဆင်ပြေမှာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းနောက် ကျေးရွာများတွင် စာသင်ကျောင်းရှိသော်လည်း ဆရာ၊ ဆရာမ အင်အား မမျှတခြင်း၊ PDF အဖွဲ့ဝင်များမှ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်နေခြင်းကြောင့် ကျောင်းသူ၊ ကျောင်းသားများကို စာသင်ရန် ခက်ခဲနေကြောင်း သိရသည်။
#PeopleMedia