ချွတ်ယွင်းချက်တွေရှိပေမဲ့ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့မလိုအပ်ကြောင်း ဆရက်ထာပြော
PUBLISHED - March 1, 2024
နိုင်ငံတကာ၊ မတ် ၁
ထိုင်းကာကွယ်ရေးဝန်ကြီးနေရာကိုအစားထိုးဖို့ ဝန်ကြီးချုပ်က စဉ်းစားနေတယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကို ငြင်းပယ်လို့ရင်း လတ်တလောကာလမှာ ထိုင်းအစိုးရအဖွဲ့ ပြောင်းလဲဖွဲ့စည်းမှာ မဟုတ်ကြောင်း ဝန်ကြီးချုပ် ဆ ရက်ထာထာဗီဆင်က ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၂၉ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
“လက်ရှိအချိန်မှာရော မကြာခင်အချိန်အတွင်းမှာရော အစိုးရအဖွဲ့ကို ပြောင်းလဲဖွဲ့စည်းဖို့ အစီအစဉ် လုံးဝမရှိပါ ဘူး” လို့ မေးမြန်းလာတဲ့သတင်းထောက်တွေကို ဝန်ကြီးချုပ်က ပြန်ဖြေပါတယ်။
အစိုးရအဖွဲ့ထဲမှာ ပြန်လည်ပြုပြင်သင့်တယ်လို့ထင်တဲ့ အပြစ်အနာအဆာတွေ တွေ့မိပါသလားလို့ သတင်း ထောက်တွေက မေးတဲ့အခါ “ကျွန်တော်အပါအဝင် လူတိုင်းက ပိုကောင်းလာအောင် လုပ်နိုင်ကြပါတယ်။ ကျွန် တော်တို့ တိုင်းပြည်တိုးတက်ဖို့ အတူတကွဆောင်ရွက်နေကြတာပါ။ အပြစ်အနာအဆာ/ ချွတ်ယွင်းချက်တွေ ရှိ တာ မှန်ပါတယ်။
ဒါပေမဲ့ အစိုးရအဖွဲ့တစ်ခုလုံး ပြန်လည်ပြင်ဆင်ဖွဲ့စည်းရတဲ့အထိ ဆိုးရွားများပြားတဲ့အကြောင်း တွေ မဟုတ်ပါဘူး။” လို့ ဆရက်ထာက ပြောပါတယ်။
“ဒီလောက်ဆို လုံလောက်ပြီလား မသိဘူး။” လို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဆုတင်ကလန်ဆန်းက ၎င်းရဲ့ နိုင်ငံရေးရာထူးတည်မြဲဖို့အတွက် တပ်မတော်ရဲ့ထောက်ခံမှု ကိုရယူနေတဲ့အတွက် ဆုတင်ကို ရာထူးကဖယ်ရှားပစ်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ဘဏ္ဍာရေးဝန်ကြီးလည်း ဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်ဆရက်ထာက ပယ်ချလိုက်တာဖြစ်ပါတယ်။
“ကာကွယ်ရေးဝန်ကြီးကို အစားထိုးဖို့ ဘာအကြောင်းမှ မရှိပါဘူး။ တစ်ခါမှ မစဉ်းစားခဲ့ဖူးသလို ပြောလည်းမပြော ခဲ့ဖူးပါဘူး။ ဒါက မီဒီယာတွေရဲ့ ထင်မြင်ယူဆချက်သက်သက်ပါဗျာ။” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
၎င်းတို့အစိုးရရဲ့ နိုင်ငံရေးတည်ငြိမ်မှုဟာ လူထုအကျိုးစီးပွားအတွက် အစိုးရရဲ့လုပ်ရပ်အပေါ် အခြေခံတဲ့ လူထု ထောက်ခံမှုပေါ်မှာ မူတည်ကြောင်း ၎င်းက ပြောပါတယ်။
“ဒီနည်းလမ်းက ကျွန်တော့်တစ်ယောက်တည်းမှ မဟုတ်ဘူး အစိုးရအဖွဲ့ထဲက လူတိုင်းနဲ့ဆိုင်တယ်။ ဒီနည်းလမ်း ကပဲ နိုင်ငံရေးတည်ငြိမ်မှုကို ရရှိစေမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွက် လွှတ်တော်က ဘတ်ဂျက်ဥပဒေကြမ်းပြဋ္ဌာန်းပြီးတဲ့အချိန်ဟာ အစိုးရအဖွဲ့ပြန် လည်ပြင်ဆင်ဖွဲ့စည်းဖို့ အကောင်းဆုံးအချိန်ဖြစ်ကြောင်း ပြောဆိုခဲ့တဲ့ ကုန်သွယ်ရေးဝန်ကြီးဖမ်သမ်ဝီချာယာချိုင်း ရဲ့ ပြောစကားနဲ့ ပတ်သက်ပြီး ဆရက်ထာကို မေးမြန်းတဲ့အခါ ၎င်းကိစ္စနဲ့ပတ်သက်ပြီး ပြန်ပြောစရာမရှိကြောင်း ဝန်ကြီးချုပ်က ဖြေပါတယ်။
ဖမ်သမ်က အခုလိုပြောကြားလိုက်တဲ့အတွက် ဝန်ကြီးချုပ်ကို စိတ်ကသိကအောက်ဖြစ်စေသလားလို့ သတင်း ထောက်တွေက မေးမြန်းတဲ့အခါ နိုင်ငံရေးဝါရင့်ပုဂ္ဂိုလ်ကြီးရဲ့အမြင်တွေကို အလေးဂရုပြုသင့်ကြောင်း ဝန်ကြီး ချုပ်က ပြန်လည်ဖြေကြားပါတယ်။
“ကျွန်တော့်ရဲ့ ဒုတိယဝန်ကြီးချုပ်အနေနဲ့ ကျွန်တော် သူ့ကိုယုံကြည်ပါတယ်။ ကျွန်တော် သူ့ကိုလေးစားပါ တယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Srettha admits flaws in ministers but rules out Cabinet reshuffle
#PeopleMedia