ခွဲထွက်ရေးဝါဒီတွေကို သေဒဏ်ချမှတ်မယ်လို့ တရုတ်ကခြိမ်းခြောက်ပြီးနောက် တရုတ်နိုင်ငံကို မလိုအပ်ဘဲ လုံးဝမသွားဖို့ နိုင်ငံသားတွေကို ထိုင်ဝမ်အစိုးရ သတိပေး
PUBLISHED - June 29, 2024
နိုင်ငံတကာ၊ ဇွန် ၂၉
ထိုင်ဝမ်လွတ်လပ်ရေးကြေညာပြီး ခွဲထွက်မယ်လို့ ယူဆရတဲ့သဘောထားတင်းမာသူတွေကို သေဒဏ်ချမှတ် သွားမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်အစိုးရ ခြိမ်းခြောက်လိုက်ပြီးနောက်မှာ ထိုင်ဝမ်နိုင်ငံသားတွေကို တရုတ်နိုင်ငံကို မလိုအပ်ဘဲ လုံးဝမသွားဖို့ ထိုင်ဝမ်အစိုးရက ကြာသပတေးနေ့ (ဇွန်လ ၂၇ ရက်နေ့) က သတိ ပေးပြောကြားလိုက်ပါတယ်။
တရုတ်အုပ်ချုပ်ရေးလက်အောက်မှာရှိတဲ့ ဟောင်ကောင်၊ မကာအိုအပါအဝင် တရုတ်နိုင်ငံကို သွားရောက်လည် ပတ်ခြင်းမပြုဖို့ ထိုင်ဝမ်နိုင်ငံရဲ့ ပြည်မရေးရာကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် လီယန်ဝန်ချီ (Liang Wen-chieh) က သတင်းထောက် တွေကို ပြောပါတယ်။
ဒီမိုကရေစီအစိုးရအုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို ၎င်းတို့ရဲ့အစိတ်အပိုင်းတစ်ရပ်လို့ ရှုမြင်ထားတဲ့ တရုတ်အစိုးရဟာ အသစ်တက်လာတဲ့ ထိုင်ဝမ်သမ္မတလိုင်ချင်တီးကို ခွဲထွက်ရေးဝါဒီတစ်ဦးအဖြစ်သဘောထားပြီး ကြိုက်နှစ်သက် ခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့သီတင်းပတ်က ထိုင်ဝမ်ခွဲထွက်ရေးဝါဒီတွေကို သေဒဏ်ပေးရမယ်ဆိုတဲ့ ဥပဒေရေးရာ လမ်းညွှန်ချက် အ သစ်တွေ ထုတ်ပြန်ကြေညာပြီး ထိုင်ဝမ်ကို တရုတ်က ခြိမ်းခြောက်ခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စု၊ သမ္မတလိုင်ချင်တီးနဲ့ ထိုင်ဝမ်အစိုးရတို့က တရုတ်ကို ပြစ်တင်ရှုချပြီး နောက်ထပ် တင်းမာမှုတွေ မြင့်တက်ခဲ့ပါ တယ်။
တရုတ်နိုင်ငံဟာ ၎င်းတို့ရဲ့လုံခြုံရေးဥပဒေကို မြှင့်တင်တဲ့အပြင် တရုတ်နိုင်ငံကို သွားရောက်လည်ပတ်တဲ့ ထိုင် ဝမ်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံမှုကို အခုချမှတ်လိုက်တဲ့ လမ်းညွှန်ချက်တွေက အန္တရာယ်ကြီးမားစွာ ခြိမ်း ခြောက်နေကြောင်း တိုင်ပေမြို့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ လီယန်က ပြောပါတယ်။
“သွားဖို့ မလိုအပ်ဘူးဆိုရင် မသွားပါနဲ့။ ဒီလိုပြောတာဟာ ထိုင်ဝမ်နိုင်ငံသားတွေရဲ့ ခရီးသွာလာခွင့်ကို ပိတ်ပင် တာမဟုတ်ဘဲ ထိုင်ဝမ်ပြည်သူတွေကို အကာအကွယ်ပေးနေတာဖြစ်ပါတယ်။” လို့ လီယန်က ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာရုံးကို မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
Ref: Taiwan warns against travel to China after execution threat
#PeopleMedia