ဂါဇာကမ်းမြောင်မှာ စစ်ရှိန်လျှော့ချဖို့ အစ္စရေးကို အမေရိကန်တိုက်တွန်း
PUBLISHED - December 15, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၅
ဂါဇာကမ်းမြောင်ဒေသက အရပ်သားတွေ ဘေးကင်းလုံခြုံရေး ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် ဟားမတ်စ်တွေကို တိုက်ခိုက်နေတဲ့ အစ္စရေးကို စစ်ရှိန်လျှော့ချဖို့ အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာလ ၁၃ ရက် နေ့) က တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဂျိတ်ဆူလီဗန် အစ္စရေးနိုင်ငံ တဲလ်လာဗီမှာ ဝန်ကြီးချုပ် ဘင်ဂျ မင်နတန်ယာဟု၊ အစ္စရေးထိပ်တန်းအရာရှိတွေနဲ့ သွားရောက်တွေ့ဆုံစဉ်မှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
အစ္စရေးရဲ့ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ပိုင်ခွင့်ကို အမေရိကန်အစိုးရအနေနဲ့ အပြည့်အဝထောက်ခံပေမဲ့ ပါ လက်စတိုင်းမြေမှာ အရပ်သားအသေအပျောက်အလွန်မြင့်တက်လာတာဟာ အလွန်ရင်းနှီးတဲ့ မဟာမိတ်နှစ်နိုင် ငံကြားမှာ သဘောထားကွဲပြားမှု ပိုမိုကြီးမားလာတယ်လို့ ဆိုပါတယ်။
“ဟားမတ်စ်တွေကို တိုက်ခိုက်နေတာ မရပ်တန့်ဘဲ အရပ်သားတွေကို ဘယ်လိုဘေးကင်းအောင် ကယ်ဆယ်ရ မလဲဆိုတာ အစ္စရေးတွေကို အာရုံစိုက်ဆောင်ရွက်စေချင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တဲ့အခါ ပိုပြီးတော့ ဂရုတ စိုက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။” လို့ ဝါရှင်တန်အနီးက ဆေးဝါးသုတေသနဌာနက အခမ်းအနားတစ်ခုအပြီးမှာ သမ္မတဂျိုးဘိုင်ဒန်က သတင်းထောက်တွေကို ပြောပါတယ်။
ဂါဇာစစ်ပွဲဟာ နောက်ထပ် လေးငါးခြောက်လလောက်ကြာမြင့်လိမ့်မယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ဆူလီဗန်ကို ပြောကြားခဲ့ပြီးနောက်မှာ စစ်ပွဲကို အမြန်အဆုံးသတ်နိုင်အောင်ကြိုးစားဆောင်ရွက်ဖို့ ဆူလီဗန်က အစ္စရေးကို တွန်းအားပေးခဲ့ကြောင်း အိမ်ဖြူတော်က အစောပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေး-ဟားမတ်စစ်စစ်ပွဲကို နိုင်ငံချင်းဖြစ်နေတဲ့စစ်ပွဲပုံစံမျိုးကနေ ပြောက်ကျားစစ်ပွဲအ ဆင့်ပုံစံမျိုးရောက်ရှိအောင် လျှော့ချနိုင်ရေး ကြိုးပမ်းဖို့ ဆူလီဗန်က အစ္စရေးနဲ့ ဆွေးနွေးခဲ့ကြောင်း အမေရိကန် အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ပြောပါတယ်။ အမေရိကန်အစိုးရဟာ အစ္စရေးကို ဘာလုပ်ပါလို့ စည်းကမ်းချက်တွေ သတ်မှတ်ပေးနေတာမဟုတ်ကြောင်း၊ ဒါပေမဲ့ အစ္စရေးကိုထောက်ခံပံ့ပိုးပေးနေပေမဲ့လည်း ထိုးစစ်နည်းလမ်းနဲ့ပတ်သက်ပြီး ဆူလီဗန်က ဖြေရမှာခက်ခဲ ကျပ်တည်းတဲ့မေးခွန်းတွေကို မေးမြန်းခဲ့ကြောင်း ကာဘီက ပြောပါတယ်။
“ကျွန်တော်တို့အားလုံး တတ်နိုင်သမျှ စစ်ပွဲကို အဆုံးသတ်သွားစေချင်ပါတယ်။ ဟားမတ်စ်အဖွဲ့က ပြန်လည် ဆုတ်ခွာသွားမယ်ဆိုရင် စစ်ပွဲက ဒီကနေ့ပဲ အဆုံးသတ်သွားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စက အခုလောလော ဆယ် ဖြစ်နိုင်မယ့်ပုံမပေါ်သေးပါဘူး။” လို့ ကာဘီက သတင်းထောက်တွေကို ပြောပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲဟာ ကာလတစ်ခုအထိ ကြာမြင့်ဦးမှာဖြစ်ကြောင်း လေးငါးခြောက်လထက်လည်း ပို ချင်ပိုသွားနိုင်ပေမဲ့ မိမိတို့အစ္စရေးဘက်က အနိုင်ရမှာဖြစ်သလို ဟားမတ်စ်တွေကို ချေမှုန်းသုတ်သင်ပစ်ရမှာဖြစ် ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ယူအက်ဂါးလန့်က ဆူလီဗန်ကို ပြောပါတယ်။
စစ်ပွဲကြောင့် အစ္စရေးဘက်က လူဦးရေ ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့သလို ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ အမျိုး သမီးနဲ့ ကလေးသူငယ်အများဆုံးပါဝင်တဲ့ ပါလက် စတိုင်းလူမျိုး ၁၈၇၈၇ ဦး သေဆုံးသွားပြီဖြစ်ပါတယ်။
Ref: US Urges Israel to Scale down Gaza Offensive
#PeopleMedia