ဂါဇာစစ်ပွဲ လပေါင်းများစွာကြာမြင့်ဦးမှာဖြစ်ကြောင်း အစ္စရေးစစ်တပ်အကြီးအကဲပြော
PUBLISHED - December 28, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ၂၈
ဂါဇာကမ်းမြောင်ဒေသက စစ်ပွဲဟာ လပေါင်းများစွာကြာမြင့်ဦးမှာဖြစ်တယ်လို့ အစ္စရေးနိုင်ငံက မျှော်လင့်ထား ကြောင်း အစ္စရေးစစ်တပ်ရဲ့ စစ်ဦးစီးဌာနအကြီးအကဲ ဗိုလ်ချုပ်ကြီးဟာဇီဟယ်လဗီက ပြောကြားလိုက်ပါတယ်။
“စစ်ပွဲက လပေါင်းများစွာအထိ ဆက်လက်ဖြစ်ပွားနေဦးမှာဖြစ်ပြီး အောင်မြင်မှုကို ထိန်းသိမ်းထားဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ဆက်လက်တိုက်ခိုက်နေကြ ရမှာဖြစ်ပါတယ်။” လို့ အင်္ဂါနေ့ (ဒီဇင်ဘာလ ၂၆ ရက်နေ့) က သတင်းစာရှင်းလင်းပွဲမှာ ဟာဇီဟယ်လဗီက ပြောပါတယ်။
“အကြမ်းဖက်အဖွ့ဲအစည်းတစ်ခုကို ချေမှုန်းပစ်ဖို့ဆိုတာ မဆုတ်မနစ်ပြတ်သားတဲ့ သံန္နိဋ္ဌာန်နဲ့ တိုက်ခိုက်တာက လွဲလို့ မှော်အတတ်ပညာနည်းတွေ၊ ဖြတ်လမ်းနည်းတွေ လုံးဝမရှိပါဘူး။ ကျွန်တော်တို့ တကယ့်ကို ပြတ်ပြတ် သားသား သံန္နိဋ္ဌာန်ချထားပြီးသားဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းမှာရှိတဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေကို သွားရောက်တွေ့ဆုံအားပေးခဲ့ပြီးနောက် မှာ အခုလို ဗိုလ်ချုပ်ကြီးဟာဇီဟယ်လဗီရဲ့ ပြောကြားချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
စစ်ပွဲရပ်တန့်ရေးနည်းလမ်းရှာဖွေဖို့ နိုင်ငံတကာက ဖိအားပေးတောင်းဆိုနေပေမဲ့လည်း ဂါဇာအလယ်ပိုင်းက ဒုက္ခသည်စခန်းတွေကို ပါလက်စတိုင်းစစ်သွေးကြွတွေအသုံးပြုနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစ္စရေးတပ်ဖွဲ့ဝင် တွေက အဲဒီဒုက္ခသည်စခန်းတွေဆီကို ထိုးစစ်တွေ တိုးချဲ့ဆင်နွှဲခဲ့ပါတယ်။
အစ္စရေးတပ်တွေနဲ့ ဟစ်ဘိုလာစစ်သွေးကြွတွေ အပြန်အလှန်ပစ်ခတ်နေစဉ်အတွင်းမှာပဲ အခုလို မြေပြင်စစ်ဆင် ရေးတွေကို အရှိန်မြှင့်တင်ခဲ့တာဖြစ်ပါတယ်။
အစ္စရေးနိုင်ငံဟာ ဂါဇာဒေသ၊ အနောက်ဘက်ကမ်းဒေသ၊ လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်၊ ယီမင်နဲ့ အီရန်တို့ ပါဝင်တဲ့ စစ်မျက်နှာ ၇ ခုမှာ စစ်ပွဲကို ရင်ဆိုင်တိုက်ခိုက်နေရတာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ယူ အက်ဂါးလန့်က မနေ့က ပြောပါတယ်။
တပြိုင်တည်းမှာ ပင်လယ်နီထဲက ကုန်တင်သင်္ဘောတွေကို ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုကလည်း ပိုမိုအရှိန် မြင့်လာပါတယ်။ အမေရိကန်ဖျက်သင်္ဘော USS Laboon နဲ့ အိုက်ဆင်ဟောင်ဝါလေယာဉ်တင်သင်္ဘောပေါ်က F/A-18 Super Hornet ဂျက်တိုက်လေယာဉ်တွေကလည်း မနေ့က ဒရုန်း ၁၂ စင်းနဲ့ ဒုံးကျည် ၅ စင်းကို ပစ်ချခဲ့ပါတယ်။
အစ္စရေး-ဟားမတ်စ်စစ်ပွဲကြောင့် အစ္စရေးဘက်က စစ်သား ၁၅၃ ဦးကျဆုံးခဲ့သလို အစ္စရေးပြည်သူ ၁၂၀၀ သေ ဆုံးခဲ့ပြီး ၂၄၀ ဝန်းကျင် ဓားစာခံအဖြစ် အဖမ်းခံခဲ့ရပါတယ်။
အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း ၂၁၀၀၀ ကျော် သေဆုံး သွားဖြစ်ပြီး လူဦးရေ ၂.၂ သန်းထဲက အများစုဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း ပါလက်စတိုင်းကျန်းမာ ရေးဝန်ကြီးဌာနက ပြောပါတယ်။
Ref: Israeli military leader says war in Gaza will go on for ‘many more months’
#PeopleMedia