ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီတွေ ထိုင်းနိုင်ငံ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းမှာ ဘတ်ငွေ ဘီလျံ ၁၅၀ ရင်းနှီးမြှုပ်နံှမည်ဖြစ်ကြောင်း ထိုင်းအစိုးရပြော

PUBLISHED - December 26, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၆
ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ကားထုတ်လုပ်ရေး ကူးပြောင်းမှုကဏ္ဍကို ပံ့ပိုးတဲ့အနေနဲ့ ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီ ကြီးတွေဟာ လာမယ့်ငါးနှစ်အတွင်းမှာ ထိုင်းနိုင်ငံမှာ ဘတ်ငွေ ဘီလျံ ၁၅၀ ရင်း နှီးမြှုပ်နှံသွားမှာဖြစ်ကြောင်း ထိုင်းအစိုးရပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက တနင်္လာနေ့ (ဒီဇင်ဘာလ ၂၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
တိုယိုတာကားထုတ်လုပ်ရေးကုမ္ပဏီနဲ့ ဟွန်ဒါကားထုတ်လုပ်ရေးကုမ္ပဏီတို့ဟာ ဘတ်ငွေ ဘီလျံ ၅၀ စီ အသီး သီးရင်းနှီးမြှုပ်နှံမှာဖြစ်သလို အစ်ဇူးဇူးကားကုမ္ပဏီက ဘတ်ငွေ ဘီလျံ ၃၀ နဲ့ မစ်ဆူဘီရှီကားကုမ္ပဏီက ဘတ် ငွေ ဘီလျံ ၂၀ ရင်းနှီးမြှုပ်နှံမှာဖြစ်ကြောင်း၊ အဲဒီရင်းနှီးမြှုပ်နှံမှုတွေထဲမှာ လျှပ်စစ်ပစ်ကပ်ကားထုတ်လုပ်ရေး လည်းပါဝင်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ချိုင်းဝါချာရုတ်က ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဂျပန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ ဒေသတွင်းမှာ မော်တော်ကားအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်သလို ပြည်ပနိုင်ငံတွေကိုအများဆုံး တင်ပို့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။
ထိုင်းမော်တော်ကားဈေးကွက်ကို ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီတွေက ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးထား ပေမဲ့ မကြာသေးခင်အချိန်မှာ တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီတွေဟာ ထိုင်းဈေးကွက်မှာ အများအ ပြားလာရောက်ရင်းနှီးမြှုပ်နံှလျက်ရှိပါတယ်။
ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ အတွင်းပေါက်ကွဲအင်ဂျင်တပ်ယာဉ်တွေကနေ လျှပ်စစ်ကားထုတ်လုပ်ရေးဆီကူးပြောင်းမယ့် ထိုင်းအစိုးရရဲ့ ပြောင်းလဲရေးမူဝါဒကို ထောက်ပံ့သွားမှာဖြစ်တယ် လို့ မစ္စတာချိုင်းက ပြောပါတယ်။
ထိုင်းနိုင်ငံဟာ နှစ်စဉ်ကားထုတ်လုပ်မှု ၂.၅ သန်းရှိရာ ၂၀၃၀ ပြည့်နှစ်မတိုင်ခင်မှာ အဲဒီပမာဏရဲ့ သုံးပုံတစ်ပုံကို လျှပ်စစ်ကားထုတ်လုပ်ဖို့ ရည်မှန်းထားတာဖြစ်ပြီး လျှပ်စစ်ကားထုတ်လုပ်ရေးမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့အ တွက် နိုင်ငံတကာကားထုတ်လုပ်ရေးကုမ္ပဏီတွေကို မက်လုံးပေး ဖိတ်ခေါ်ထားပါတယ်။
အစိုးရကပြုလုပ်ပေးထားတဲ့ အခွန်ဖြတ်တောက်မှုနဲ့ ထောက်ပံ့ကြေးတွေအစီအစဉ်တွေကြောင့် BYD မော်တော် ကားကုမ္ပဏီနဲ့ Great Wall Motor ကုမ္ပဏီအပါအဝင် တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီတွေကို အများအပြား ဆွဲဆောင်နိုင်ခဲ့ပါတယ်။
BYD မော်တော်ကားကုမ္ပဏီနဲ့ Great Wall Motor ကုမ္ပဏီတို့ဟာ ထိုင်းနိုင်ငံ လျှပ်စစ်ကားသစ်ထုတ်လုပ်ရေး လုပ်ငန်းမှာ ဒေါ်လာ ၁.၄၄ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ကြောင်း ကတိပြုခဲ့ပြီးဖြစ်ပါတယ်။
အမေရိကန်လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Tesla ကုမ္ပဏီကလည်း ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီး မြှုပ်နှံမယ့် အလားအလာရှိနေကြောင်း ထိုင်းဝန်ကြီးချုပ်ဆရက်ထာက အခုလအတွင်း ပြောကြားခဲ့ပါတယ်။
Ref: Japan automakers to invest B150bn in Thailand over 5 years: govt
#PeopleMedia