• Follow Us on
Latest News

Home ဂျပန်နိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြီးအတွက် မြန်မာအစိုးရမှ အမေရိကန်ဒေါ်လာ ၁ သိန်း လှူဒါန်း

ဂျပန်နိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြီးအတွက် မြန်မာအစိုးရမှ အမေရိကန်ဒေါ်လာ ၁ သိန်း လှူဒါန်း

Share this post

နေပြည်တော်၊ မတ် ၁၂

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က ဂျပန်နိုင်ငံ၊ အီရှီကာဝါပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား  ၇.၆ အဆင့်ရှိ မြေငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဂျပန်ကြက်ခြေနီအသင်းသို့ အမေရိကန် ဒေါ်လာ ၁ သိန်း လှူဒါန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိ ရသည်။

 

အဆိုပါ အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် တိုကျို မြို့ရှိ ဂျပန်ကြက်ခြေနီအသင်းရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအစိုးရ၏ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၁ သိန်းနှင့်ညီမျှသော ဂျပန်ယန်းငွေ ၁၄,၉၄၂,၀၀၀/- အား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ ဂျပန်ကြက်ခြေနီအသင်းဥက္ကဋ္ဌ Mr. Atsushi Seike ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဂျပန်ကြက်ခြေနီအသင်းဥက္ကဋ္ဌ Mr. Atsushi Seike မှလည်း အီရှီကာဝါပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်အတွက် မြန်မာအစိုးရမှ ဒေါ်လာ ၁ သိန်းလှူဒါန်းသည့်အတွက် များစွာ ကျေးဇူးတင်ရှိကြောင်း၊ ယခုကဲ့သို့ တစ်နိုင်ငံက အကူအညီလိုအပ်နေချိန်တွင် အပြန်အလှန် အကူအညီပေးအပ်ခြင်းသည် မြန်မာ ပြည်သူလူထုနှင့် ဂျပန်ပြည်သူလူထုတို့အကြား ခိုင်မာသည့် ရင်းနှီးချစ်ကြည်မှုကို ပြသနေခြင်းဖြစ်ကြောင်း၊ မြန်မာအစိုးရ၏ ယခု လှူဒါန်းငွေသည် ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် လှူဒါန်းမှုလက်ခံရရှိကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်းစာကို ဂျပန်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ Mr. Atsushi Seike မှ ပေးအပ်ရာ သံအမတ်ကြီး ဦးစိုးဟန်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post