ဂျာမနီက ယူကရိန်းအတွက် ပထမဦးဆုံးအကြိမ် Sea King Mk41 ရဟတ်ယာဉ်တွေပေးပို့သွားမည်
PUBLISHED - January 26, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၆
ရုရှားတပ်တွေကို တိုက်ခိုက်နေတဲ့ ယူကရိန်းတပ်မတော်ကို ကူညီတဲ့အနေနဲ့ ဂျာမနီနိုင်ငံက Sea King Mk41 စစ်သုံးရဟတ်ယာဉ် ၆ စင်း ယူကရိန်းနိုင်ငံကို ထောက်ပံ့သွားမှာဖြစ်ကြောင်း ဂျာမန်အစိုးရက ပြောကြားလိုက် ပါတယ်။
ယူကရိန်းနိုင်ငံကာကွယ်ရေးအတွက် ၅၄ နိုင်ငံပါဝင်ဖွဲ့စည်းထားတဲ့ ရမ်းစတိန်းအထောက်အကူအဖွဲ့ (Ramstein Contact Group) ရဲ့ ၁၈ ကြိမ်မြောက်အစည်းအဝေးကျင်းပနေစဉ်အတွင်း ဂျာမန်ကာကွယ်ရေးဝန်ကြီးဘောရစ် ပစ္စတိုးရီးယပ်စ်က အခုလို ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။
ဂျာမန်တပ်မတော်က အနားပေးထားတဲ့ ဘက်စုံသုံးရဟတ်ယာဉ်တွေကို မကြာခင်အချိန်အတွင်း ယူကရိန်းတပ် မတော်အတွက် လွှဲပြောင်းပေးသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှားကျူးကျော်တိုက်ခိုက်မှု စတင်ကတည်းက ယူကရိန်းအတွက် လိုအပ်နေတဲ့ စစ် သုံးရဟတ်ယာဉ်တွေကို ဂျာမနီနိုင်ငံက ပထမဦးဆုံးအကြိမ် ပို့ပေးမှာဖြစ်ပါတယ်။
စစ်သုံးရဟတ်ယာဉ်တွေအပြင် ဂျာမနီနိုင်ငံက အပိုပစ္စည်းတွေနဲ့ ယူကရိန်းလေသူရဲတွေအတွက် လိုအပ်တဲ့ သင်တန်းတွေကိုပါ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
၁၉၇၀ ပြည့်လွန်နှစ်အလယ်ပိုင်းလောက်မှာ တပ်တော်ဝင်ခဲ့တဲ့ Sea King Mk41 ရဟတ်ယာဉ်တွေဟာ ဂျာမန် ရေတပ်အတွက် အကြမ်းခံရေတပ်ရဟတ်ယာဉ်တွေအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
တပ်ဖွဲ့ဝင်တွေ၊ စစ်လက်နက်ပစ္စည်းတွေသယ်ယူပို့ဆောင်ဖို့နဲ့ ပင်လယ်ပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင် ရွက်ဖို့အတွက် ဒီရဟတ်ယာဉ်တွေကို ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတာဖြစ်ပါတယ်။
ကီလိုမီတာ ၁၅၀၀ (မိုင် ၉၃၀) အကွာအဝေးအထိ စစ်ဆင်ရေးဆောင်ရွက်နိုင်တဲ့ ဒီရဟတ်ယာဉ်ဟာ ကြမ်းတမ်း တဲ့ရာသီဥတုအောက်မှာ ပျံသန်းမောင်းနှင်နိုင်သလို ရဟတ်ယာဉ်မှာတပ်ဆင်ထားတဲ့ စက်သေနတ်ကြီးတွေနဲ့ လည်း တိုက်ခိုက်ရေးတာဝန်တွေ ထမ်းဆောင်နိုင်ပါတယ်။
ယူကရိန်းကိုရောက်ရှိသွားတဲ့အချိန်မှာ Sea King Mk41 ရဟတ်ယာဉ်တွေဟာ ကင်းထောက်တာဝန်တွေနဲ့ တပ် ဖွဲ့ဝင်တွေ သယ်ယူပို့ဆောင်ရေးတာဝန်ကို ထမ်းဆောင်သွားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
“Sea King ရဟတ်ယာဉ်တွေဟာ ပင်လယ်နက်ထဲမှာ ကင်းထောက်တာဝန်တွေထမ်းဆောင်တာကနေ တပ်ဖွဲ့ ဝင်တွေသယ်ယူပို့ဆောင်ရေးအထိ နယ်ပယ်စုံမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို ကူညီသွားမယ့် အရည်အသွေး ကောင်းမွန်ပြီး ပွဲတွေ့စိတ်ချရတဲ့ ရဟတ်ယာဉ်တွေဖြစ်ပါတယ်။ ဒီရဟတ်ယာဉ်တွေဟာ ဂျာမနီနိုင်ငံက ပထမဦး ဆုံးတင်ပို့လိုက်တဲ့ ရဟတ်ယာဉ်အမျိုးအစားပဲဖြစ်ပါတယ်။” လို့ ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။
အမေရိကန်၊ ဗြိတိန်တို့နဲ့ အတူ ဂျာမနီနိုင်ငံဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ အဓိကထောက်ပံ့နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
ဂျာမနီနိုင်ငံဟာ ၂၀၂၂ ခုနှစ်ကနေစပြီး ဒီကနေ့အချိန်အထိ ယူကရိန်းနိုင်ငံအတွက် ယူရိုငွေ ၆ ဘီလျံ (ဒေါ်လာ ၆.၅ ဘီလျံ) တန်ကြေးရှိ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။
အခုလအစောပိုင်းကလည်း ဂျာမန်အစိုးရဟာ ယူကရိန်းနိုင်ငံအတွက် ဂျီပတ်လေယာဉ်ပစ်စက်သေနတ်ကြီးတပ် ဆင်ထားတဲ့သံချပ်ကာယာဉ် ၃ စင်းနဲ့ အမြောက်ကျည်ထောင်ပေါင်းများစွာ ပို့ဆောင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ ဂျာမနီနိုင်ငံက ယူကရိန်းအတွက် စစ်ရေးအကူအညီကို ယူရိုငွေ ၈ ဘီလျံ (ဒေါ်လာ ၈.၅ ဘီလျံ) အထိ တိုးမြှင့်ကူညီသွားမှာဖြစ်ကြောင်းလည်း ကတိပြုထားပါတယ်။
Ref: Germany to Send Military Helicopters to Ukraine for First Time
#PeopleMedia