ဂျာမန်တိုင်ဖွန်းဂျက်တိုက်လေယာဉ်တွေ ရုရှားနယ်စပ် ဆွီဒင်အဝေးပြေးလမ်းမမှာ ဆင်းသက်လေ့ကျင့်
PUBLISHED - September 10, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၁၀
BAANA 2024 စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ်အတွင်း အမေရိကန်လေတပ်က F-35 Lightning II ဂျက်တိုက် လေယာဉ်တွေ ဖင်လန်နိုင်ငံ အဝေးပြေးလမ်းမကြီးတစ်ခုပေါ်မှာ ဆင်းသက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ဂျာမန်ယူ ရိုဖိုက်တာ တိုင်ဖွန်း ဂျက်တိုက်လေယာဉ် ၃ စင်းဟာ အဝေးပြေးလမ်းမပေါ်မှာပဲ ပထမဦးဆုံးအကြိမ်ဆင်းသက်ခဲ့ ပါတယ်။
အမှတ် ၇၁ နည်းဗျူဟာလေယာဉ်အုပ်က တိုင်ဖွန်းဂျက်တိုက်လေယာဉ်တွေဟာ ရုရှားနယ်စပ်နဲ့ ကီလိုမီတာ ၁၈၀ (၁၁၁ မိုင်ခန့်) ကွာဝေးတဲ့ ဖင်လန်နိုင်ငံထဲက ဟိုစီယိုကျေးရွာအနီးက အဝေးပြေးလမ်းမှာ ဆင်းသက်၊ ဆီဖြည့်ပြီး ပြန်တက်ခဲ့တာဖြစ်ကြောင်း ဂျာမန်အခြေစိုက် BILD မီဒီယာမှာ တနင်္ဂနွေနေ့ (စက်တင်ဘာ ၈ ရက် နေ့) က ရေးသားထားပါတယ်။
“ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့ကစပြီး ဟိုစီယိုကျေးရွာအနီးက အဝေးပြေးလမ်းမှာ တိုင်ဖွန်းဂျက်တိုက်လေယာဉ်တွေ သုံးလေးကြိမ်ဆင်းသက်ခဲ့ပါတယ်။ ကားလမ်းတစ်လျှောက် တဖြည်းဖြည်း မောင်းနှင်လာပြီး စက်မသတ်ဘဲ ဆီ ဖြည့်ခဲ့ပါတယ်။ ဆီဖြည့်ပြီးတော့ အဲဒီလေယာဉ်တွေ ရိုဗာနီးယာမီလေတပ်စခန်းကို ပြန်လည်ထွက်ခွာသွားပါ တယ်။” လို့ ဂျာမန်လေတပ် ပြောခွင့်ရပုဂ္ဂိုလ်က BILD မီဒီယာကို ပြောပါတယ်။
ရုရှားနယ်စပ်နဲ့ သိပ်မဝေးတဲ့နေရာမှာ အဲဒီလို ဆင်းသက်ခဲ့တာဖြစ်တဲ့အတွက် ရုရှားရေဒါတွေက အဲဒီနေတိုး အဖွဲ့ စစ်ရေးလေ့ကျင့်မှုကို အနီးကပ်စောင့်ကြည့်နေနိုင်တယ်လို့ BILD မီဒီယာက ပြောပါတယ်။
ဂျာမန် တိုင်ဖွန်းဂျက်တိုက်လေယာဉ်တွေ အဝေးပြေးလမ်းမမှာ ဆင်းနေတဲ့ပုံတွေကို လူမှုကွန်ရက်တွေပေါ်မှာ ဖြန့်ဝေနေကြပါတယ်။
တိုင်ဖွန်းဂျက်တိုက်လေယာဉ်တွေလိုပဲ F-35 ဂျက်တိုက်လေယာဉ်တွေ၊ Gripen ဂျက်တိုက်လေယာဉ်တွေနဲ့ F/A-18 ဂျက်တိုက်လေယာဉ်တွေလည်း အလားတူ အဝေးပြေးလမ်းမတွေမှာဆင်းသက်လေ့ကျင့်ခဲ့ဖူးပါတယ်။
တိုင်ဖွန်းဂျက်တိုက်လေယာဉ်တွေ အခုလို သာမန်အဝေးပြေးကားလမ်းတွေမှာ ဆင်းသက်နိုင်တယ်ဆိုတာ ဂျာမန်လေတပ်အနေနဲ့ ၎င်းတို့တိုက်လေယာဉ်တွေကို နေရာအနှံ့အပြားမှာ တပ်ဖြန့်ချထားနိုင်ပြီး တစ်ဖက်ရန် သူအနေနဲ့ အဲဒီလေယာဉ်တွေကို စုံစမ်းထောက်လှမ်းတိုက်ခိုက်ဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဘူဂေးလ်ရီးယားတပ်မတော်က ပြောပါတယ်။
အခုနှစ်အစောပိုင်းကာလက နေတိုးအဖွဲ့ထဲကို တရားဝင်ရောက်ရှိလာတဲ့ ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ဟာ အခုလို သာမန်အဝေးပြေးကားလမ်းပေါ်မှာ ဂျက်တိုက်လေယာဉ်တွေ ဆင်းသက်မှုကို လေ့ကျင့်ခဲ့တာ ကာလကြာပြီဖြစ် ပါတယ်။
လေယာဉ်ကွင်းအသီးသီး တိုက်ခိုက်ဖျက်ဆီးခံရတယ်ဆိုရင်တောင် ဂျက်တိုက်လေယာဉ်တွေအနေနဲ့ သက် ဆိုင်ရာနိုင်ငံတွေရဲ့ အဝေးပြေးလမ်းမတွေမှာ ဆင်းသက်နိုင်အောင် အခုလို လေ့ကျင့်နေတာဖြစ်ပါတယ်။
ဒါ့အပြင် အခုလို ရန်သူ့နယ်စပ်နဲ့ နီးကပ်နေတဲ့ အဝေးပြေးလမ်းမတွေကနေ ရန်သူ့နယ်မြေအအတွင်းပိုင်းထဲ အထိ သွားရောက်တိုက်ခိုက်မယ်ဆိုရင်လည်း ခရီးအကွာအဝေးနဲ့ အချိန်ကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
ယူရိုဖိုက်တာတိုင်ဖွန်းဂျက်တိုက်လေယာဉ်တွေဟာ လက်ရှိအချိန်မှာ ဗြိတိန်တော်ဝင်လေတပ်၊ ဂျာမန်လေတပ်၊ အီတလီလေတပ်နဲ့ စပိန်လေတပ်တို့မှာ တာဝန်ထမ်းဆောင်နေပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအထိ တိုင်ဖွန်းခေတ်မီဂျက်တိုက်လေယာဉ် စုစုပေါင်း ၅၉၂ စင်း ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Ref: German Eurofighter Typhoons Just Landed on Russia’s Doorstep
#PeopleMedia