• Follow Us on

Home စက္ကူလိုအပ်ချက်ကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲနေရမှုကို များစွာ လျော့နည်းစေမည်ဟု နစကဥက္ကဋ္ဌပြောဆို

စက္ကူလိုအပ်ချက်ကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲနေရမှုကို များစွာ လျော့နည်းစေမည်ဟု နစကဥက္ကဋ္ဌပြောဆို

Share this post

နေပြည်တော်၊ သြဂုတ် ၁၄

 

စက္ကူလိုအပ်ချက်ကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေ သုံးစွဲနေရမှုကို များစွာ လျော့နည်းသွားစေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။

 

မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သတင်းစာစက္ကူစက်ရုံ(သာပေါင်း) စတင်ဖွင့်လှစ် လည်ပတ်ခြင်းအခမ်းအနား ကို ဩဂုတ်လ ၁၂ ရက်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက် ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း)တို့အနေဖြင့် ယခင်ကလုပ်ငန်း လည်ပတ်ခဲ့ပြီးဖြစ်သည့် စက်ရုံများဖြစ်ပြီး အကြောင်းအမျိုးမျိုး ကြောင့် လုပ်ငန်းလည်ပတ်မှုများ ရပ်တန့်ခဲ့ရကြောင်း၊ နေ့စဉ် အသုံးပြုနေရသည့် ရုံးသုံး၊ ကျောင်းသုံး၊ သတင်းစာ စသည့်စက္ကူလိုအပ်ချက်များစွာကို နှစ်စဉ် ပြည်ပမှတင်သွင်းအသုံးပြုနေရသည့်အတွက် နိုင်ငံခြား ငွေများစွာ သုံးစွဲကုန် ကျရလျက်ရှိကြောင်း၊ ယခင်က စစ်တောင်းစက္ကူစက်ရုံ၊ ရေနီစက္ကူစက်ရုံနှင့် သာပေါင်း စက္ကူစက်ရုံတို့ကို ဆောင်ရွက်ခဲ့ပြီး စစ်တောင်းစက္ကူစက်ရုံမှာ သက်တမ်းကြာမြင့်ပြီ ဖြစ်သဖြင့် ဖျက်သိမ်းပြီးဖြစ် ကြောင်း၊ ယခုစက်ရုံစုသည်  စွမ်းအားပြည့်လည်ပတ် နိုင်ပါက သတင်းစာစက္ကူအပြင် အခြားစက္ကူအမျိုးအစား များကိုလည်း ထုတ်လုပ်နိုင်ကြောင်း၊ ခေတ်ကာလ၏အခြေအနေအရ Online မီဒီယာအသုံးပြုမှုပိုမိုများပြား လာပြီး Printed မီဒီယာပိုင်း အားနည်းချက်ရှိလာသည်ကို တွေ့ရှိရကြောင်း၊ သတင်းစာစက္ကူလိုအပ်ချက်များမှာ ယခင်ကထက်လျော့နည်းလာသည်ကို တွေ့ရှိရ သော်လည်း နေ့စဉ်ထုတ်သတင်းစာများသည် သမိုင်းကို ဖော်ပြ နေခြင်းဖြစ်သဖြင့် နိုင်ငံတိုင်းတွင် သတင်းစာများကို နေ့စဉ်ရိုက်နှိပ်ထုတ်ဝေနေရဆဲဖြစ်ပြီး သတင်းစာစက္ကူ လို အပ်ချက်သည်လည်း အမြဲမပြတ်ရှိနေမည်ဖြစ်ကြောင်း ပြောဆိုသည်။

 

သတင်းစာစက္ကူစက်ရုံ(သာပေါင်း) အနေဖြင့် သစ်၊ ဝါး ကုန်ကြမ်းများစွာလိုအပ် မည်ဖြစ်သဖြင့် စဉ်ဆက်မပြတ် ရရှိရေး ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ကြမ်းများ ရယူရာတွင် စက်ရုံအနီးဝန်းကျင်မှ ရရှိရန်လိုပြီး အဝေးမှ သယ်ယူရမည်ဆိုပါက သယ်ယူ ပို့ဆောင်မှုကုန်ကျစရိတ်များ များပြားမည်ဖြစ်သဖြင့် ထုတ်လုပ်မှုကုန်ကျ စရိတ်သည်လည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ စီးပွားရေးအရ တွက်ချေကိုက်သည့် သစ်တောစိုက်ခင်း၊ ဝါးစိုက်ခင်းများ ရရှိရန်လိုကြောင်း၊ သွင်းအားစုများအနက် အဓိကလိုအပ်ချက်ဖြစ်သည့် သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ်ရရှိရေးအတွက်လည်း စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စက်ရုံရပ်နားထားသည့်အချိန်အတွင်း လာရောက်ကြည့်ရှုစစ်ဆေး စဉ် ယခင်က ထုတ်လုပ်ခဲ့သည့် သတင်းစာစက္ကူများကို ကြည့်ရှုစစ်ဆေးခဲ့ရာ အရည်အသွေးများစွာ ကောင်း မွန်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ သတင်းစာထုတ်လုပ်ခြင်း၌သာမက ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်မှုများ အတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ စက္ကူလိုအပ်ချက်ကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေ သုံးစွဲနေရမှုကို များစွာလျော့နည်းသွားစေမည်ဖြစ်ကြောင်း၊ အလားတူ အခြား သွင်းကုန်ပစ္စည်းများဖြစ်သည့် ရာဘာထုတ်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံ လောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသွင်းကုန်များကို အစား ထိုးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ မြှင့်တင်နိုင်ရေးအတွက် အကြောင်း အမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့် စက်ရုံ၊ အလုပ်ရုံများ ပြည်လည် လည်ပတ်နိုင် ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်းဖြင့် ပြောဆို သည်။

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သတင်းစာစက္ကူစက်ရုံ (သာပေါင်း) ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

 

#PeopleMedia


Share this post