• Follow Us on

Home စက်မှုဇုန်များတွင်ခွင့်ပြုထားသည့်လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်ခြင်းရှိ၊မရှိကို ကော်မတီများက ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

စက်မှုဇုန်များတွင်ခွင့်ပြုထားသည့်လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်ခြင်းရှိ၊မရှိကို ကော်မတီများက ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ မေ ၃၀

 

စက်မှုဇုန်များတွင် ခွင့်ပြုထားသည့်လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်ခြင်းရှိ၊ မရှိကို ဒေသဆိုင်ရာ စက်မှုဇုန်များတည်ဆောက်ရေးနှင့် ကြီးကြပ်ရေးကော်မတီများက ကြပ်မတ်ဆောင် ရွက်သွားကြရမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက မိမိတို့နိုင်ငံ၌ ယနေ့ထိ ဖွင့်လှစ်ပြီး စက်မှုဇုန်များကို ကြည့်လျှင် ပင်မ စက်မှုဇုန် (၂၈) ခုနှင့် ဇုန်ခွဲများပါရှိပါက ၅၃ ခုရှိပြီး စက်မှုရပ်ကွက် (၅) ခုရှိသည် ကို တွေ့ရကြောင်း၊ တည်ထောင်ဆဲ စက်မှုဇုန်စီမံကိန်းမှာ နှစ်ခု ရှိကြောင်း၊ တည်ထောင်ပြီး စက်မှုဇုန်များကို အဆင့်မြှင့်တင်  ဖွံ့ဖြိးတိုးတက်အောင် ဆောင် ရွက်ရမည် ဖြစ်သကဲ့သို့ တစ်ဖက်ကလည်း ဥပဒေ၊ နည်း ဥပဒေနှင့် မကိုက်ညီ သည့် အချက်များကိုလည်း ပြန်လည်ပြင်ဆင် တည့်မတ်ထိန်းကြောင်း  သွားကြရမည်ဖြစ် ကြောင်း ပြောသည်။

 

ဗဟိုကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်ပေးရမည့် လုပ်ငန်းမှာ ဒေသဆိုင်ရာစက်မှုဇုန်များတည် ဆောက်ရေးနှင့် ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပေးရမည်ဖြစ်ကြောင်း၊ အဆိုပါကော်မတီဖွဲ့စည်းပေးပြီးမှသာ စက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီကို ထပ်မံဖွဲ့စည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် လုပ်ငန်းများ အမြဲမပြတ်လည် ပတ်နိုင်ရန် စီမံခန့်ခွဲရေးရုံးအဖွဲ့များကိုလည်း ဖွဲ့စည်းပေးရမည် ဖြစ်ကြောင်း၊ အဓိက အရေးကြီးသည့် ရန်ပုံငွေတည်ထောင်ရေးအပိုင်းကို စက်မှုဇုန် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်မှသာ လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက စက်မှုဇုန်၊ ဇုန်ခွဲများနှင့် စက်မှုရပ်ကွက်အချို့တို့ တွင် လူနေထိုင်မှုများ ရောထွေးနေသည့်အတွက် စက်မှုဇုန် ဥပဒေ၊ နည်းဥပဒေ အတိုင်း ဆွေးနွေးအဖြေရှာပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် တိုင်းဒေ သကြီးနှင့် ပြည်နယ်အလိုက် အသစ်ဖော်ဆောင်မည့် စက်မှုဇုန်များကိုလည်း ဥပဒေ၊ နည်းဥပဒေအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ယင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် စီးပွားရေးဦးတည် ချက်တွင် ပါ ဝင်နေသည့် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်း များကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့် တင်ရေး” ဆိုသည့်အတိုင်းရှိပြီး စက်မှုဇုန်အလိုက်နှင့် တိုးချဲ့ မည့်စက်မှုဇုန် အလိုက် ပို့ကုန်တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေးအတွက်လည်း စနစ်တကျစီမံဆောင် ရွက်နိုင် မည့် အခွင့်အရေးဖြစ်ကြောင်း ပြောသည်။

 

စက်မှုဇုန်များအလိုက် အမျိုးအစားတူသည့် လုပ်ငန်းများတွင် ခွင့်ပြုထားသည့် လုပ်ငန်းများ အမှန်တကယ် ဆောင်ရွက်ခြင်းရှိ၊ မရှိကို ဒေသဆိုင်ရာ စက်မှုဇုန်များတည်ဆောက်ရေးနှင့် ကြီးကြပ်ရေးကော်မတီများက ကြပ်မတ်ဆောင် ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်နှင့် ဆောင် ရွက်နေသည့် နိုင်ငံဖြစ်ပြီး နိုင်ငံအတွက် လိုအပ်သည့် ထုတ်ကုန်များကို အပြည့်အဝထုတ်လုပ်နိုင် ရေး ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက် ပေးရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

 

#PeoplMedia


Share this post