စက်မှုလုပ်ငန်းပေါင်း ၇၉၇၂ ခုမှ လုပ်သားပေါင်း ငါးသိန်းကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားကြောင်း စက်မှုဝန်ကြီးပြောကြား
PUBLISHED - June 7, 2024
နေပြည်တော်၊ ဇွန် ၇
စက်မှုရပ်ကွက်နှင့် စီမံကိန်းများအတွင်း အငယ်စား၊ အလတ်စားနှင့်အကြီးစား စက်မှု လုပ်ငန်းပေါင်း ၇၉၇၂ ခုရှိပြီး လုပ်သားပေါင်းငါးသိန်းကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်ကြောင်း စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက ပြောသည်။
စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင်တည်ထောင်ပြီး စက်မှုဇုန် ၂၈ ဇုန်၊ စက်မှုရပ်ကွက်ငါးခု၊ ဆောင် ရွက်ဆဲစက်မှုဇုန်စီမံကိန်းနှစ်ခုရှိကြောင်း၊ အဆိုပါစက်မှုဇုန်၊ စက်မှုရပ်ကွက်နှင့် စီမံကိန်းများအတွင်း အငယ်စား၊ အလတ်စားနှင့်အကြီးစားစက်မှု လုပ်ငန်းပေါင်း ၇၉၇၂ ခုရှိပြီး လုပ်သားပေါင်းငါးသိန်းကျော်ကို အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်ကြောင်း၊ စက်မှုဇုန်ပြင်ပတွင်လည်ပတ်နေသော လုပ်ငန်းများ ရှိသဖြင့် စက်မှုဇုန်အသစ်များ ထပ်မံတည်ဆောက်ပေးသွားရမည်ဖြစ်ကြောင်း ပြောသည်။
ပြည်တွင်းစက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စက်မှုဇုန်အသစ်များတည် ထောင်ရန်နှင့် တည်ထောင်ထားရှိသောစက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ စက်မှုဇုန် ဥပဒေကို ၂၀၂၀ ပြည့်နှစ် မေ ၂၆ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး တာဝန်ခံဝန်ကြီးဌာနသည် စက်မှုဝန်ကြီးဌာန ဖြစ်ကြောင်း၊ အတည်ပြုပြီး စက်မှုဇုန်ဥပဒေနှင့်အညီ ဗဟိုကော်မတီ၊ ဒေသဆိုင်ရာကော်မတီ၊ စီမံခန့်ခွဲရေးကော် မတီများဖွဲ့စည်းပြီး စက်မှုဇုန်အသစ်များ စနစ်တကျထူထောင်သွားရန်၊ တည်ထောင်ပြီး စက်မှုဇုန်များအား အဆင့်မြှင့်တင်ရန်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များတွင် ပြန့်ကျဲတည်ရှိနေသော စက်မှုလုပ်ငန်းများအား စက်မှု ဇုန်များတွင် စုပေါင်းလုပ်ကိုင်စေခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ ခံစားရရှိစေရန်၊ အလုပ်အကိုင်အခွင့် အလမ်းများ ပေါ်ပေါက်လာစေရန်နှင့် နိုင်ငံ့စီးပွားတိုးတက်စေရန် ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
#PeopleMedia