စက်သုံးဆီအရောင်းဆိုင်များရှိ စက်သုံးဆီအမျိုးအစားအလိုက် လက်ကျန်အခြေအနေများ၊ ဈေးနှုန်းများကို ကြည့်ရှု့နိုင်မည့် Software Application တစ်ခုကို ရေးဆွဲလျက်ရှိကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦး ပြောကြား
PUBLISHED - February 8, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၈
စက်သုံးဆီ အရောင်းဆိုင်များရှိ စက်သုံးဆီအမျိုးအစားအလိုက် လက်ကျန်အခြေအနေများ၊ ရောင်းချသည့် ဈေးနှုန်းများကို ကြည့်ရှု့စစ်ဆေးနိုင်မည့် Software Application တစ်ခုကို ရေးဆွဲလျက်ရှိကြောင်း ကုန် သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောသည်။
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ဗိုလ်ချုပ်ကြီးမြထွန်းဦးက စက်သုံးဆီကို ပြည်သူများ သက်သာသည့်ဈေးနှုန်းနှင့် ဝယ်ယူနိုင်ရန် အမြဲမပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိက စက်မှုကဏ္ဍ၊ စိုက်ပျိုး မွေးမြူရေး ကဏ္ဍ၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းနှင့် ဟိုတယ်လုပ်ငန်းများ၊ အစိုးရတင်ဒါလုပ်ငန်းများနှင့် ကျန်လုပ်ငန်းများတွင် လိုအပ်သည့် စက်သုံးဆီများကို လွတ်လပ်စွာတင်သွင်းနိုင်ရေး စီမံဆောင်ရွက်ပေး ထားကြောင်း၊ စက်သုံးဆီ တင်သွင်း လိုသည့် ကုမ္ပဏီအသစ်များကို စနစ်တကျစိစစ်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း၊ စက်သုံးဆီများကို ပြည်သူအများ လုံလောက်စွာအသုံးပြုနိုင်ရေးနှင့်တရား မဝင်စက်သုံး ဆီများ ရောင်းချမှုမရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး / ပြည်နယ်များတွင် တရားမဝင်စက်သုံးဆီ ဖမ်းဆီးရမိမှုမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း (၆၅) မှု၊ စက်သုံးဆီ (၂၉၈ ဒသမ ၀၅၇)တန်၊ ခန့်မှန်းတန်ဖိုး (၇၃၈ ဒသမ ၃၉၂)ကျပ်သန်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း (၁၄) မှု၊ စက်သုံးဆီ (၇၄ ဒသမ ၂၂၅) တန်၊ ခန့်မှန်းတန်ဖိုး (၁၇၆ ဒသမ ၄၂၉)ကျပ်သန်း ဖြစ်ပါကြောင်း ပြောသည်။
ပြည်သူများခရီးသွားလာရာတွင် နီးစပ်ရာစက်သုံးဆီအရောင်းဆိုင်၌ လိုအပ်သော စက်သုံးဆီ အမျိုးအစားကို လိုအပ်သည့်အတိုင်း အလွယ်တကူ ဝယ်ယူနိုင်ရန် မိမိရောက်ရှိ နေသည့်နေရာမှ မိုင် (၃၀) အတွင်းရှိ အရောင်းဆိုင်များကို အလွယ်တကူ ရှာဖွေနိုင်ပြီး အသင့်ဝယ်ယူနိုင်မည့်အပြင် Monitoring ပြုလုပ်မည့်ဌာန များကလည်း စက်သုံးဆီ အရောင်းဆိုင်များရှိ စက်သုံးဆီအမျိုးအစားအလိုက် လက်ကျန်အခြေအနေများ၊ ရောင်းချ သည့်ဈေးနှုန်းများကို ကြည့်ရှု့စစ်ဆေးနိုင်မည့် Software Application တစ်ခုကို ရေးဆွဲလျက်ရှိ ကြောင်း ၊ ယခုဖေဖော်ဝါရီလမှစ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၁၀၇) ဆိုင်တွင် Pilot Project အဖြစ် စမ်းသပ်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြီးမြ ထွန်းဦးက ပြောသည်။
ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြည်တွင်းဈေးကွက်၌ အရောင်းအဝယ်ပြုရမည့် အခြေခံစားအုန်းဆီ လက်ကား ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိပြီး စားသုံးဆီများကို နေပြည်တော်အပါအဝင် တိုင်းဒေသ ကြီး/ပြည်နယ်အလိုက် လိုအပ်ချက်များကိုစိစစ်၍ စနစ်တကျဖြန့်ခွဲပေးလျက် ရှိကာ ဈေးကွက်/ဈေးနှုန်းတည် ငြိမ်စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားသည်။
#PeopleMedia