• Follow Us on
Latest News

Home စင်္ကာပူနိုင်ငံရဲ့ ပထမဦးဆုံး Invincible-class ရေငုပ်သင်္ဘောနှစ်စင်း တပ်တော်ဝင်

စင်္ကာပူနိုင်ငံရဲ့ ပထမဦးဆုံး Invincible-class ရေငုပ်သင်္ဘောနှစ်စင်း တပ်တော်ဝင်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၅

 

စင်္ကာပူနိုင်ငံရဲ့ ပထမဦးဆုံး Invincible-class ရေငုပ်သင်္ဘောနှစ်စင်းဟာ အင်္ဂါနေ့ (စက်တင်ဘာလ ၂၄ ရက်နေ့) က တပ်တော်ဝင်လိုက်ပြီဖြစ်ပါတယ်။ RSS Invincible နဲ့ RSS Impeccable ရေငုပ်သင်္ဘောတွေ တပ်တော်ဝင်အခမ်းအနားမှာ စင်္ကာပူဝန်ကြီးချုပ် လောရင့်စ်ဝေါင်း ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

 

အခုလို ရေငုပ်သင်္ဘောသစ်တွေ တပ်တော်ဝင်နိုင်တာဟာ အရင်တုန်းက ဆွီဒင်နိုင်ငံက တစ်ပတ်ရစ်ရေငုပ် သင်္ဘောတွေကိုသာ အသုံးပြုနေရတဲ့ စင်္ကာပူရေတပ် (RSN) အတွက် စာမျက်နှာသစ်ဖွင့်လှစ်လိုက်တာဖြစ် ပါတယ်။

 

အခုတာဝန်ထမ်းဆောင်မယ့် ဂျာမနီနိုင်ငံ Thyssenkrupp Marine Systems (TKMS) ထုတ် ရေငုပ်သင်္ဘော အသစ်တွေဟာ စင်္ကာပူရေတပ်က ရေငုပ်သင်္ဘောအဟောင်းတွေထက် စွမ်းဆောင်ရည်ပိုမြင့်မားတယ်လို့လည်း ဆိုပါတယ်။

 

“ဒီရေငုပ်သင်္ဘောတွေဟာ ကျွန်တော်တို့အရင်သုံးခဲ့တဲ့ ရေငုပ်သင်္ဘောတွေထက် ပိုအသံတိုးပြီး ကြာရှည်ခိုင်ခန့် တဲ့ သင်္ဘောတွေဖြစ်သလို ပိုမိုကောင်းမွန်တဲ့လက်နက်တွေကိုလည်း တပ်ဆင်နိုင်ပါတယ်။” လို့ ဝန်ကြီးချုပ်ဝေါင်း က ပြောပါတယ်။

 

စင်္ကာပူတပ်မတော်အနေနဲ့ တပ်မတော်စွမ်းရည်မြင့်မားလာအောင် ဆက်လက်ပြီး တဖြည်းဖြည်းတည်ဆောက် သွားရမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ၁၉၆၇ ခုနှစ်မှာ သစ်သားစက်လှေနှစ်စီးကနေ စတင်ခဲ့တဲ့ စင်္ကာပူရေတပ်ဟာ ဒီကနေ့ခေတ်မှာ အလွန်ခေတ်မီ ပြီး ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ရေတပ်တစ်ခုဖြစ်လာအောင် ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ် ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ပင်လယ်ရေကြောင်း အသုံးပြုနေတဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ စင်္ကာပူနိုင်ငံရဲ့ ရှင်သန်မှုနဲ့ စီးပွားတိုးတက်မှုဟာ ပင်လယ်ပြင်ထဲမှာ လွတ်လပ်စွာ အတားအဆီးမရှိ သွားလာနိုင်ရေးပေါ်မှာ မူတည်နေပါတယ်။ စင်္ကာပူရေတပ် ဟာ ကျွန်တော်တို့ရဲ့ ပင်လယ်ရေကြောင်းလိုင်းတွေ လွတ်လပ်ပြီး လုံခြုံစွာ သွားလာနိုင်ရေးအတွက် ထိန်းသိမ်း ကာကွယ်ရာမှာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။” လို့ ဝေါင်းက ပြောပါတယ်။

 

“ပိုမို အားကောင်းခိုင်မာတဲ့ စွမ်းရည်တွေ တည်ဆောက်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ကာလတွေမှာ ကျွန်တော်တို့နိုင်ငံ ရဲ့ ရေငုပ်သင်္ဘောတပ်ဖွဲ့ဝင်တွေဟာ အတွေ့အကြုံတွေနဲ့ ကျွမ်းကျင်မှုတွေကို ရှရှိခဲ့ပြီးဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Singapore Navy commissions first two Invincible-class submarines

 

#PeopleMedia


Share this post