စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းသည် ပြည်သူများကိုထိန်းချုပ်ကန့်သတ်ခြင်းမဟုတ်ဘဲ အကြမ်းဖက်များ၏ လုပ်ဆောင်ချက်များကိုထိန်းချုပ်နိုင်ရေးဆောင်ရွက်ခြင်းပင်ဖြစ်ဟု နစကဥက္ကဋ္ဌပြောကြား
PUBLISHED - February 24, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းသည် ပြည်သူများကို ထိန်းချုပ်ကန့်သတ်ခြင်းမဟုတ်ဘဲ ဒေသခံပြည်သူ လူထုတို့၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် ဆောင်ရွက်နေကြသည့် အကြမ်းဖက်သမားများ၏ လုပ် ဆောင်ချက်များကို ထိထိရောက်ရောက်ထိန်းချုပ်နိုင်ရေးဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၂/၂၀၂၃)ကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြားခဲ့ခြင်းဖြစ်သည်။
“လက်ရှိအချိန်မှာလည်း ရှေ့လုပ်ငန်းစဉ်တွေနဲ့ ဦးတည်ချက်တွေကို အသစ် ထပ်မံချမှတ်ပြင်ဆင်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ပထမအချက်အနေနဲ့ တည်ငြိမ်အေးချမ်းဖို့အတွက် အချို့သော မြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးအမိန့်တွေကို ထုတ်ပြန်ပြီး တည်ငြိမ်အေးချမ်းရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်တာဟာ ပြည်သူတွေကို ထိန်းချုပ်ကန့်သတ်တာ မဟုတ်ဘဲ ဒေသခံပြည်သူ လူထုတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် ဆောင်ရွက်နေကြတဲ့ အကြမ်းဖက်သမားတွေရဲ့ လုပ် ဆောင်ချက်တွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရေးဆောင်ရွက်တာပဲဖြစ်ပါတယ်။” ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ရှေ့လုပ်ငန်းစဉ် တတိယအချက်အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည် ဟူ၍ဖြစ်ပြီး နိုင်ငံရေးအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကာ အုပ် ချုပ်ရေးအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံး နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် လျော်ကန်သင့်မြတ်သည့် အုပ်ချုပ်မှုအာဏာကို မဖြစ်မနေ ခွဲဝေပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးသည့်အချိန်တွင် လို အပ်ချက်များကို ပြန်လည်ဆွေးနွေးပြီး ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆောင်ရွက် ရမည်များကို ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူချိန်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်အုပ်ချုပ်မှုအာဏာခွဲဝေမှုအားလုံးကို အကောင်အထည် ဖော်နိုင်သမျှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ၊ ဘင်းစတက်စ် အဖွဲ့ ဝင်နိုင်ငံနှင့် ကုလသမ္မဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အိမ်နီးချင်း နိုင်ငံများ၊ မိတ်ဆွေနိုင်ငံများနှင့် ဆက်ဆံမှုကောင်း ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်၌ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသား အကျိုးစီးပွား ကိုစောင့်ထိန်းလျက် အခြားနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဝတ်မပျက် ပေါင်း ဖက်ဆက်ဆံရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနိုင်ငံတွင်း၌ ဖြစ်ပေါ်နေသော အခြေ အနေများသည် မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ကြောင်း၊ ကျင်းပမည့်ရွေးကောက်ပွဲသည်လည်း မိမိ တို့နိုင်ငံ၏ ရွေးကောက်ပွဲဖြစ်ပြီး ကမ္ဘာ့ရွေးကောက်ပွဲမဟုတ်ကြောင်း၊ မိမိတို့နိုင်ငံသားများအတွက် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
လာမည့်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်၊ လူတိုင်းမဲပေးနိုင်ခွင့်ရှိရန်နှင့် နိုင်ငံတစ်ဝှမ်းဆောင်ရွက်နိုင်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံတိုင်းတွင် ဆန္ဒမဲပေးခြင်းကို ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ မဲပေးခြင်း၊ မပေးခြင်းမှာ ပြည်သူတစ်ဦး ချင်း၏ဆန္ဒဖြစ်ပြီး မဲဆန္ဒ ရှင်ပြည်သူများအားလုံး လွတ်လပ်စွာ မဲပေးနိုင်ရေး ဆောင်ရွက်ပေးရန်မှာ အစိုးရ၏တာဝန်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးချိန်တွင် ခြိမ်းခြောက်မှုများ၊ အကြပ်ကိုင်မှုများနှင့်ဖိအားပေးမှုများ မရှိအောင် ဆောင်ရွက်ပေးရန် လိုကြောင်း၊ မဲဆန္ဒရှင်များ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရန်အတွက် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိအောင်ဆောင် ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။
#PeopleMedia
(unicode)
…………………………………………………
#PeopleMedia