စစ်ကိုင်းနှင့် မင်းလှတို့တွင် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် အမျိုးသား ၁ ဦးတို့ပစ်ခတ်ခံရ၍ သေဆုံး

PUBLISHED - November 29, 2023
နေပြည်တော်၊ နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တို့တွင် ပြီးခဲ့သည့်ရက်ပိုင်း က အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်၊ ရွာထောင်ရပ်ကွက်နေ ဦးဇော်မျိုး (၄၇)နှစ်နှင့် ၎င်း၏ညီဖြစ်သူ ဦးမြတ်သူ (၃၆)နှစ်တို့သည် ရပ်ကွက်အတွင်းရှိ သူကြီးဘုရားရှေ့၌ စကားပြောနေစဉ် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အားသုံးဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဇော်မျိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း သိရသည်။
အလားတူ မင်းလှမြို့နယ်၊ မီးလောင်ကုန်း ကျေးရွာနေ မီးလောင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမျိုးမင်းထွန်း(ခ)ဦးဖိုးစီလောင်း(၃၉)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမျိုးမင်းထွန်း(ခ)ဦးဖိုးစီ လောင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
#PeopleMedia