စစ်ဆင်ရေးကြီးတွေအတွက် ဒရုန်းအကြီးစားတစ်မျိုးဝယ်ယူဖို့ အမေရိကန်ကြည်းတပ်ကြိုးပမ်းနေ

PUBLISHED - June 11, 2024
နိုင်ငံတကာ၊ ဇွန် ၁၁
စစ်သည်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တဲ့ တိုက်ပွဲကြီးတွေကို အထောက်အကူပြုနိုင်ဖို့အတွက် ဒရုန်းအကြီးစားအသစ်တစ်မျိုး လိုချင်ကြောင်း အမေရိကန်ကြည်းတပ်က ကြေညာချက် (RFI) တစ်စောင် ထုတ် ပြန်လိုက်ပါတယ်။
အဆိုပါမောင်းသူမဲ့လေယာဉ်စနစ်ဟာ အလေးချိန် ပေါင် ၁၃၂၀/ ကီလိုဂရမ် ၆၀၀ ကျော်သယ်ဆောင်နိုင်တဲ့ အုပ်စု ၄/ အုပ်စု ၅ အမျိုးအစားဖြစ်စေ MQ-9 Reaper ဒရုန်းနဲ့ MQ-1C Gray Eagle ဒရုန်းတို့လို အုပ်စုနဲ့ အ လားသဏ္ဍန်တူတဲ့အမျိုးအစားဖြစ်စေ ဖြစ်ရမယ်လို့ ဆိုပါတယ်။
အဆိုပြုထားတဲ့ဒရုန်းဟာ တိုက်ခိုက်ရေး၊ စောင့်ကြည့်ထောက်လှမ်းရေး၊ ကင်းထောက်၊ စစ်သတင်းစုဆောင်း ရေးနဲ့ ကွပ်ကဲကြီးကြပ်ရေးတာဝန်တွေကို ဆောင်ရွက်နိုင်တဲ့ ဒရုန်းမျိုးဖြစ်ရမယ်လို့ဆိုပါတယ်။
ဒါ့အပြင် အဆိုပါဒရုန်းဟာ electro-optical/infrared sensors ၊ synthetic aperture radars နဲ့ electronic warfare systems တို့လို အဆင့်မြင့်နည်းပညာတွေ ပေါင်းစပ်ထည့်သွင်းထားတဲ့ ဒရုန်းဖြစ်ရမယ်လို့ဆိုပါတယ်။
အဆိုပြုထားတဲ့ဒရုန်းဟာ အမြင့်ပေ ၃၀,၀၀၀ အထိ ပျံသန်းနိုင်ပြီး ပြေးလမ်းတိုမှာ အတက်/အဆင်း လုပ်နိုင်တဲ့ ဒရုန်းမျိုးကို အမေရိကန်ကြည်းတပ်က ပိုလိုချင်တယ်လို့ ကြေညာထားပါတယ်။
အဆိုပြုဒရုန်းဟာ တစ်စင်းတည်း အမှီအခိုကင်းစွာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နိုင်ရမှာဖြစ်သလို နယ်ပယ်စုံ ပါဝင်တဲ့အထူးစစ်ဆင်ရေး (multi-domain operations) တွေကို အထောက်အကူပြုမယ့် အဆင့်မြင့်စစ်ဆင် ရေးအဖွဲ့ထဲမှာလည်း အစိတ်အပိုင်း တစ်ရပ်အဖြစ် တွဲဖက်တာဝန်ထမ်းဆောင်နိုင်ရမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် လေသူရဲတွေမောင်းနှင်တဲ့ လေယာဉ်တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး တွဲဖက်တာဝန်ထမ်းဆောင်ရာမှာလည်း အဆိုပါဒရုန်းတွေဟာ အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေစုဆောင်းပြီး အမေရိကန်ကြည်းတပ်ကို ပြန်လည်ပေးပို့နိုင်ရမှာဖြစ်ပါတယ်။
အဆိုပြုဒရုန်းဟာ စမ်းသပ်လေ့လာထားခြင်းမရှိတဲ့ မြေပြင်မျိုးမှာ ဆင်းသက်နိုင်ခြင်း၊ ရန်သူ့ jamming ကို တန် ပြန်တိုက်ဖျက်နိုင်ခြင်းနဲ့ ရေမိုင် ၅၀၀ (၅၇၅ မိုင်/ ၉၂၆ ကီလိုမီတာ) အထိ ပျံသန်းမောင်းနှင်နိုင်ခြင်း စွမ်းရည် တွေလည်း ရှိရမှာဖြစ်ပါတယ်။
စိတ်ဝင်စားတဲ့ကုမ္ပဏီတွေအနေနဲ့ ဇူလိုင်လ ၁၇ နေ့ မတိုင်မီ အမေရိကန်ကြည်းတပ်ကို အဆိုပြုလွှာတွေ လျှောက်ထားနိုင်ပါတယ်။
Ref: US Army Seeks New Drone for Large-Scale Combat Operations
#PeopleMedia