စစ်ပွဲစတင်ကတည်းက ဒီကနေ့အချိန်အထိ ယူကရိန်းပစ်မှတ် ၁၂,၀၀၀ ကို ရုရှားတပ်တွေ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းပြော
PUBLISHED - August 23, 2024
နိုင်ငံတကာ၊ သြဂုတ် ၂၃
ရုရှားတပ်တွေဟာ ၂၀၂၂ ခုနှစ် ကျူးကျော်ချိန်ကစပြီး ဒီကနေ့အချိန်အထိ ယူကရိန်းအဆောက်အဦ ၁၂၀၀၀ နီး ပါးကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်ဦးစီးချုပ် အိုလက်ဇန္ဒားဆီစကီးက ပြောကြားလိုက်ပါတယ်။
အဲဒီပစ်မှတ်တွေအနက် ပစ်မှတ် ၅၆၇၆ ခုသာ စစ်ဘက်ဆိုင်ရာပစ်မှတ်ဖြစ်ပြီး ကျန်တဲ့ပစ်မှတ်အများစုက အရပ် ဘက်အခြေခံအဆောက်အအုံတွေဖြစ်ကြောင်း ကွန်ဂရက်လွှတ်တော်မှာ တင်ပြတဲ့အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
ရုရှားတပ်တွေဟာ စုစုပေါင်း ဒုံးကျည်ပေါင်း ၉၅၉၀ စင်းနဲ့ ဒရုန်းပေါင်း ၁၃၉၉၇ စင်း အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်ခဲ့ရာ အဲဒီဒုံးကျည်နဲ့ ဒရုန်းတွေအနက် ဒုံးကျည် ၂၄၂၉ စင်း (၂၅%) နဲ့ ဒရုန်း ၅၉၇၂ စင်း (၄၃%) ကို ကြားဖြတ် တိုက်ခိုက်ပစ်ချနိုင်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။
အဲဒီဒုံးကျည်တွေထဲက ဒုံးကျည် ၁၁၁ စင်းဟာ ရုရှားထုတ် ခင်ဇောင်ဟိုက်ပါဆောနစ် ဒုံးကျည်တွေဖြစ်ပြီး ယူက ရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်တွေက အဲဒီဒုံးကျည် ၂၅% ကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားအစိုးရအသုံးပြုခဲ့တဲ့ လက်နက်တွေကြားမှာ ယူကရိန်းအစိုးရက ခရုစ်ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ပစ်ချနိုင် ခဲ့မှုဟာ တခြားလက်နက်တွေထက် ပိုမိုများပြားတယ်လို့ ဆိုပါတယ်။
ရုရှားတွေရဲ့ Kalibr ဒုံးကျည်၊ Kh-555/101 ဒုံးကျည်တွေနဲ့ R-500 ဒုံးကျည်တွေရဲ့ ၆၇% ဟာ ယူကရိန်းရဲ့ ကြားဖြတ်ပစ်ချမှုကြောင့် ပစ်မှတ်ကို တိုက်ခိုက်နိုင်ခဲ့ခြင်းမရှိဘူးလို့ စစ်ဦးစီးချုပ်ဆီစကီးက ပြောပါတယ်။
ဒါ့အပြင် ရုရှားစစ်တပ်က အသုံးပြုခဲ့တဲ့ အီရန်ထုတ် Shahed-136 ဒရုန်း ၁၃,၃၁၅ စင်းအနက် အစင်းရေ ၉,၀၀၀ နီးပါးကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ယူကရိန်းအစိုးရဟာ ရုရှားလက်နက်တချို့ကို အခုလို ပစ်ချနိုင်ခဲ့တယ်ဆိုရင်တောင်မှ လေယာဉ်ပစ် လက်နက်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဝေဟင်-မြေပြင်ပစ် ဒုံးကျည်တွေကို ပစ်ချဖို့ ခက်ခဲခဲ့ပုံရတယ်လို့ ဆိုပါ တယ်။
အခုအချိန်အထိ ယူကရိန်းတပ်တွေက ပစ်ချခဲ့တဲ့ Kh-59၊ Kh-35၊ Kh-31 ဒုံးကျည်တွေနဲ့ အလားတူ ဝေဟင်- မြေပြင်ပစ်ဒုံးကျည်တွေဟာ ၂၂% သာရှိသေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရုရှားတွေ ပစ်ခတ်ခဲ့တဲ့ Iskander ၊ Tochka-U နဲ့ KN-23 ပဲ့ထိန်းဒုံးကျည် ၁,၃၈၈ စင်းအနက် ၄.၅ % ကိုသာ ယူကရိန်းတပ်တွေက ပစ်ချနိုင်ခဲ့ပါတယ်။
တပြိုင်တည်းမှာပဲ ပိုမိုအစွမ်းထက်ပုံရတဲ့ S-300 နဲ့ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေကိုလည်း ရုရှားတပ်တွေက အကြိမ်ပေါင်း ၃,၀၀၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ယူကရိန်းတပ်တွေက ဝ.၆၃% သာ ပစ် ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Ref: Ukraine Says Nearly 12,000 Facilities Hit by Russian Strikes Since 2022
#PeopleMedia