စစ်ပွဲတစ်လျှောက် အကြီးမားဆုံး တိုက်ခိုက်မှုအဖြစ် ယူကရိန်းက ရုရှားမြို့တော်မော်စကိုကို ဒရုန်းတွေနဲ့ တိုက်ခိုက်
PUBLISHED - August 22, 2024
နိုင်ငံတကာ၊ သြဂုတ် ၂၂
ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံ မော်စကိုမြို့ကို ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၂၁ ရက်နေ့) ဒရုန်းအများအပြား အသုံးပြု တိုက်ခိုက်ခဲ့ရာ ရုရှားလေကြောင်းရန်ကာကွယ်ရေး(လေကာ) တပ်ဖွဲ့တွေက ဒရုန်း ၁၁ စင်းထက်မနည်း ပစ်ချ နိုင်ခဲ့ပါတယ်။
အခု ဒရုန်းတိုက်ခိုက်မှုဟာ ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်း စစ်ပွဲစတင်ကတည်းက ယူကရိန်းဘက်က တိုက်ခိုက် တဲ့ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုလို့ ရုရှားအရာရှိတွေက ပြောပါတယ်။
သြဂုတ်လ ၆ ရက်နေ့မှာ ယူကရိန်းတပ်တွေ နယ်စပ်ဖြတ်ကျော်ပြီး ရုရှားပိုင် ကာ့စ်ခ်ဒေသကို တိုက်ခိုက်ခဲ့ရာမှာ ယူကရိန်းအရှေ့ပိုင်းက ကွင်းပြင်တွေ၊ တောအုပ်တွေနဲ့ ကျေးရွာတွေကို အမြောက်တွေ၊ ဒရုန်းတွေနဲ့ အဆက် မ ပြတ်တိုက်ခိုက်ခဲ့ပါတယ်။
စစ်ပွဲတစ်လျှောက် ရုရှားရေနံချက်စက်ရုံတွေ၊ လေယာဉ်ကွင်းတွေကို ယူကရိန်းဘက်က ဒရုန်းတွေအသုံးပြု တိုက်ခိုက်ခဲ့ပေမဲ့ လူဦးရေ ၂၁ သန်းကျော်နေထိုင်တဲ့ မော်စကိုဒေသကိုတော့ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာမရှိသ လောက်နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။
ရုရှားလေကာတပ်ဖွဲ့တွေက မော်စကိုမှာ ဒရုန်း ၁၁ စင်း၊ ဘရိုင်ယန်စ်ခ်ဒေသမှာ ဒရုန်း ၂၃ စင်း၊ ဘဲဂရပ်ဒေသမှာ ၆ စင်း၊ ကလူဂါဒဒေသမှာ ၃ စင်း၊ ကာ့စ်ခ်ဒေသမှာ ၂ စင်း စုစုပေါင်း ဒရုန်း ၄၅ စင်း ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာ ကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ပိုဒိုလက်ခ်မြို့ကောင်းကင်ယံမှာလည်း ဒရုန်းတချို့ကို ပစ်ချနိုင်ခဲ့တယ်လို့ မော်စကို မြို့တော်ဝန် ဆာဂျီဆိုဘိုင် နင်က ပြောပါတယ်။ မော်စကိုဒေသက အဲဒီမြို့ဟာ ကရင်မလင်နန်းတော်နဲ့ ၃၈ ကီလိုမီတာ (၂၄ မိုင်) ခန့် ဝေးပါတယ်။
“မော်စကိုမြို့ကို အခုလို ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်တာဟာ အကြီးမားဆုံးတိုက်ခိုက်မှုတွေထဲက တိုက် ခိုက်မှုတစ်ခုဖြစ်ပါတယ်။ မော်စကိုမှာ တပ်ဖြန့်ချထားတဲ့ ကျွန်တော်တို့ရဲ့ လေကာတပ်ဖွဲ့ဝင်တွေက ရန်သူ့ဒရုန်း တွေကို အောင်မြင်စွာပစ်ချနိုင်ခဲ့ပါတယ်။” လို့ ဆိုဘိုင်နင်က တယ်လီဂရမ်မှာတင်ထားပါတယ်။
ကရင်မလင်နန်းတော်မှာ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ တရုတ်ဝန်ကြီးချုပ်လိချန် တွေ့ဆုံစဉ်အတွင်း စစ်ဘေး စစ်ဒဏ်က ဂရုတစိုက်အကာအကွယ်ပေးထားတဲ့ မော်စကိုမြို့ရဲ့ လမ်းမကြီးတွေ၊ ကဖေးဆိုင်တွေ၊ စားသောက် ဆိုင် တွေနဲ့ ဈေး ဆိုင်တွေမှာတော့ စိုးရိမ်ပူပန်မှုမရှိတဲ့ပုံနဲ့ လူတွေ တိုးဝှေ့နေကြတာကို တွေ့ရပါတယ်။
ဒီဒရုန်းတိုက်ခိုက်မှုဟာ မော်စကိုမြို့ကို ဘယ်လိုကောင်းကောင်းကာကွယ်ထားတယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပြီး ယူကရိန်းတွေဟာ ရုရှားနိုင်ငံထဲက ကာ့စ်ခ်နဲ့ မော်စကို ဒေသနှစ်ခုကို တိုက်ခိုက်ပြီး “မီးနဲ့ကစားနေတာ” ဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ရုရှားနိုင်ငံသားနှစ်ဦးက ပြောပါတယ်။
ရုရှားတပ်တွေဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ အကြီးမားဆုံးထိုးစစ်ဖြစ်တဲ့ ယူကရိန်းရဲ့ ကာ့စ်ခ် ဒေသထိုးစစ်ကို ပြန်လည်တိုက်ခိုက်နေသလို တပြိုင်တည်းမှာပဲ ၎င်းတို့ နယ်မြေ ၁၈% ကို ထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ ပိုင်းကိုလည်း ဆက်လက်ချီတက်တိုက်ခိုက်နေပါတယ်။
Ref: Ukraine attacks Moscow in one of largest ever drone strikes on Russian capital: Reuters
#PeopleMedia