စစ်ပွဲအတွက် အသင့်ပြင်ဆင်ထားဖို့ ဆွီဒင်နိုင်ငံသားတွေကို ဆွီဒင်မြို့ပြကာကွယ်ရေးဝန်ကြီး တိုက်တွန်း
PUBLISHED - January 11, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၁
နှစ်ပေါင်း ၂၁၀ ငြိမ်းချမ်းစွာနေထိုင်ခဲ့ပြီးနောက် ဆီဒင်နိုင်ငံဟာ မကြာခင် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာနိုင်တဲ့အ တွက် နိုင်ငံသားတွေအနေနဲ့ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ဆွီဒင် မြို့ပြကာကွယ်ရေးဝန်ကြီး က ပြောကြားလိုက်ပါတယ်။
စစ်ပွဲတစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရာမှာ နိုင်ငံသားတွေအနေနဲ့ မိမိသဘောဆန္ဒအလျောက်တပ်မတော် ထဲဝင်ရောက်ကြဖို့ ဆွီဒင် မြို့ပြကာကွယ်ရေးဝန်ကြီး ကားလ်အော်စကာဘိုလင်းက တိုက်တွန်းပြောကြားလိုက် တာဖြစ်ပါတယ်။
ကားလ်အော်စကာဘိုလင်းက နော်ဝေနယ်စပ်အနီးရှိ ဆာလန်ကျေးရွာမှာ မနေ့ကကျင်းပခဲ့တဲ့ လူမှုအဖွဲ့အစည်း နဲ့ ကာကွယ်ရေးအစည်းအဝေးမှာ မိန့်ခွန်းပြောကြားစဉ် ဆွီဒင်နိုင်ငံရဲ့ကာကွယ်ရေးစနစ် တိုးတက်မှုနှေးကွေး လွန်းနေတာကို စိုးရိမ်ပူပန်မိကြောင်း ပြောဆိုရင်း အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
“ဒီအကြောင်းကို ကျွန်တော့်ရှေ့မှာ လူတွေအများအပြားပြောသွားခဲ့ပြီးပါပြီ။ မြို့ပြကာကွယ်ရေးဝန်ကြီးတစ်ဦး အနေနဲ့ ကျွန်တော်ပြောချင်တာက ဆွီဒင်နိုင်ငံမှာ စစ်ဖြစ်လာနိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“နှစ်ပေါင်း ၂၁၀ နီးပါး ငြိမ်းချမ်းရေးကို ခံစားလာရတဲ့နိုင်ငံတစ်နိုင်ငံအတွက် အဲဒီလို ငြိမ်းချမ်းစွာနေနိုင်တာ မ ပြောင်းလဲနိုင်တဲ့ကိန်းသေတစ်ခုဖြစ်တယ်ဆိုတဲ့ အတွေးဟာ မကြာသေးခင်ကာလအထိ သက်သောင့်သက်သာ ရှိတဲ့အတွေးမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ အဲဒီလိုသက်သောင့်သက်သာအတွေးမျိုးဟာ လွန်ခဲ့ တဲ့နှစ်ပေါင်းများစွာကတွေးလာတာထက် ပိုပြီးတော့အန္တရာယ်ရှိလာပြီဖြစ်ပါတယ်။” လို့ ဘိုလင်းကပြောပါတယ်။
တူရကီနဲ့ ဟန်ဂေရီနိုင်ငံတို့က ထောက်ခံလိုက်ရင် ဆွီဒင်နိုင်ငံဟာ ဇူလိုင်လအတွင်းမှာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ် လာမှာဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံဟာ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီး လွှတ်တော်တည်ထောင်ဖို့အတွက် ၁၈၁၄ ခုနှစ်မှာ နော် ဝေနိုင်ငံနဲ့ အချိန်တိုလေးစစ်ဖြစ်ပွားခဲ့ဖူးတာကလွဲလို့ တခြားနိုင်ငံတွေနဲ့ စစ်မက်ဖြစ်ပွားခဲ့ခြင်းမရှိပါဘူး။
ဆွီဒင်ရော နော်ဝေနိုင်ငံပါ ဒုတိယကမ္ဘာအတွင်းက စစ်ပွဲမှာပါဝင်ပတ်သက်ခြင်းမရှိတဲ့ ဘက်မလိုက်နိုင်ငံတွေ ဖြစ်ပါတယ်။
ဥရောပနိုင်ငံတွေကို ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်လာမှာကို စိုးရိမ်မှုတွေမြင့်တက်လာတဲ့အတွက် နေတိုး မဟာမိတ်အဖွဲ့ထဲဝင်ရောက်ခြင်းဟာ ဆွီဒင်ရဲ့ လုံခြုံရေးအတွက် ပိုမိုစိတ်ချရမယ်လို့ ယုံကြည်လာပါတယ်။
ကားလ်အော်စကာဘိုလင်းက ယူကရိန်းနိုင်ငံရဲ့ လူမှုဒုက္ခဒဏ်ခံနိုင်မှုကို ချီးကျူးလိုက်ရင်း ဆွီဒင်နိုင်ငံအနေနဲ့ စစ် စည်းရုံးမယ်ဆိုရင် ဥရောပအရှေ့ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲကို ကောင်းကောင်းကြီးသဘောပေါက်ထားဖို့ လိုအပ်မှာဖြစ်ကြောင်း ပြောပါတယ်။
“ရုရှားတပ်တွေဟာ ယူကရိန်းပြည်သူတွေရဲ့ စုစည်းညီညွတ်တဲ့ခုခံတော်လှန်မှုကို ရင်ဆိုင်ခဲ့ရတယ်။ အခုလို ကြိုးပမ်းဆောင်ရွက်မှုမျိုးဆိုတာက ကိုယ့်နိုင်ငံရဲ့အခြေအနေကို ကောင်းစွာသဘောပေါက်ပြီး ကိုယ့်နိုင်ငံဘယ် အဆင့်ရောက်နေပြီဆိုတာကို သိမှသာ ပေါ်ထွက်လာတဲ့ ဆောင်ရွက်မှုမျိုးဖြစ်တယ်။” လို့ ၎င်းကပြောပါတယ်။
“လက်ရှိရင်ဆိုင်နေရတဲ့အခြေအနေမှာ အချိန်ဟာ တန်ဖိုးအကြီးဆုံး ရင်းစားပြန်မရနိုင်တဲ့ရင်းမြစ်ဖြစ်တယ်ဆို တာကို လူတိုင်းက သဘောပေါက်ရမှာဖြစ်ပါတယ်။ အခြေအနေတွေတိုးတက်မှု အရမ်းနှေးကွေးလွန်းတယ်လို့ ခံစားလိုက်ရရင် ကျွန်တော် ညသန်းကောင်ကျော်မှာ လန့်လန့်နိုးလေ့ရှိပါတယ်။” လို့ ၎င်းကပြောပါတယ်။
ဆွီဒင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုက်ကယ်လ်ဘိုင်ဒန်ကလည်း ဘိုလင်းရဲ့စကားကို ထောက်ခံပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေရဲ့ အရေးကြီးပုံကိုထောက်ပြပြောဆိုရင်း စစ်ပွဲအတွက် အသင့်ပြင်ဆင်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။
ဆွီဒင်ကာကွယ်ရေးဝန်ကြီး ပေါဂျွန်ဆင်က အလားတူကြေညာချက်မျိုးကို တနင်္လာနေ့ (ဇန်နဝါရီလ ၈ ရက်နေ့) က ထုတ်ပြန်ခဲ့ပြီးနောက်မှာ အခုလို ဆွီဒင်မြို့ပြကာကွယ်ရေးဝန်ကြီး ကားလ်အော်စကာဘိုလင်းရဲ့ တိုက်တွန်း ချက်ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။
“ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့တစ်နှစ်ကထက်ကို ပိုပိုပြီးတော့ အန္တရာယ်ရှိတဲ့ကမ္ဘာကြီးဖြစ်ပြီဆိုတာ လက်ရှိဖြစ်ပွားနေ တဲ့စစ်ပွဲတွေက သက်သေပြနေပါတယ်။ ဆွီဒင်နိုင်ငံကို တိုက်ခိုက်လာမယ့်အန္တရာယ်မရှိဘူးလို့ တွက်ဆထားလို့ မရတော့ပါဘူး။” လို့ ဆွီဒင်ကာကွယ်ရေးဝန်ကြီး ပေါဂျွန်ဆင်က ပြောပါတယ်။
Ref: Sweden issues warning to ‘brace for war’ as defence minister urges citizens to ‘move’
#PeopleMedia