စစ်ပွဲအရှိန်မြင့်တက်နေငြား ထိုင်းလုပ်သားများ အစ္စရေးနိုင်ငံကို ပြန်လည်ထွက်ခွာသွားကြ
PUBLISHED - January 1, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၁
အစ္စရေး-ဟားမတ်စ် စစ်ပွဲအရှိန်မြင့်တက်နေပေမဲ့လည်း ထိုင်းလုပ်သားအများအပြားဟာ ငွေကြေးလိုအပ်မှု အ ကြောင်းပြချက်နဲ့ အစ္စရေးနိုင်ငံ လယ်ယာလုပ်ငန်းခွင်ထဲမှာ အလုပ်ပြန်လုပ်ဖို့အတွက် ပြီးခဲ့တဲ့လက အစ္စရေးနိုင် ငံကို ပြန်လည်ထွက်ခွာသွားကြကြောင်း ဘန်ကောက်ပို့စ်မီဒီယာမှာ ရေးသားဖော်ပြထားပါတယ်။
“ပျမ်းမျှအားဖြင့် အစ္စရေးနိုင်ငံထဲမှာ ကျွန်တော် နှစ်နာရီအလုပ်လုပ်ရင် ဘတ် ၆၀၀ ရပါတယ်။ ထိုင်းနိုင်ငံမှာ ဘတ် ၆၀၀ ရဖို့ဆိုရင် ကျွန်တော် တစ်နေကုန်အလုပ်လုပ်ရမှာဖြစ်တယ်။ အဲဒီထက်တောင် နည်းနိုင်ပါသေး တယ်။” လို့ အသက် ၃၇ နှစ်အရွယ် ဆာတစ်ပရုမ်အူနာရော့က ဘန်ကောက်ပို့စ်ကို ပြောပါတယ်။
ဆာတစ်ပရုမ်အူနာရော့ဟာ အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်တွေရဲ့တိုက်ခိုက်မှုအပြီးမှာ ထိုင်းနိုင်ငံကို အစိုးရအစီအစဉ်နဲ့ ပြန်ရောက်လာတဲ့ ပထမဦးဆုံးအုပ်စုထဲမှာပါဝင်သူဖြစ်ပါတယ်။
ဆာတစ်ပရုမ်အူနာရော့တို့ အလုပ်လုပ်နေတဲ့စခန်းကို စစ်သွေးကြွတွေက လာရောက်တိုက်ခိုက်ခဲ့ပေမဲ့ ကံ ကောင်းထောက်မစွာ ၎င်းအပါအဝင် ထိုင်းလုပ်သား ၁၉ ဦးဟာ ဘေးကင်းလွတ်မြောက်ခဲ့ပါတယ်။
လုံခြုံရေးအခြေအနေအရ စိုးရိမ်ရတဲ့အတွက် အစ္စရေးနိုင်ငံမှာ နှစ်နှစ်နီးပါး အလုပ်လုပ်ကိုင်နေတဲ့ ဆာတစ်ပရုမ် အူနာရော့ဟာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက ၎င်းဇာတိ နောင်ခိုင်မြို့ကို ပြန်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံပြန်ရောက်ပြီး နေအိမ်မှာ တစ်ပတ်ကြာနေထိုင်ပြီးနောက် အစ္စရေးနိုင်ငံမှာ ရှာဖွေနိုင်တဲ့ဝင်ငွေ မျိုးရရှိအောင် ထိုင်းနိုင်ငံထဲမှာ သူလုပ်နိုင်တာ ဘာမှမရှိကြောင်း ၎င်းက ပြောပါတယ်။
“ကျွန်တော် မက္ကနီကယ်လ်လုပ်ငန်းတချို့ကို ကျွမ်းကျင်ပါတယ်။ ဒါ့ကြောင့် အိမ်တွေမှာ အဲကွန်းတပ်ဆင်တာ တွေ၊ ဝိုင်ယာကြိုးဆင်တာတွေ၊ CCTV စနစ်တပ်ဆင်တာတွေလို တောက်တိုမယ်ရအလုပ်တွေလုပ်ပြီး ကျွန် တော်ဝင်ငွေရှာပါတယ်။ ဒါပေမဲ့ မိသားစုအတွက် ကျွန်တော် ငွေကြေးများများစားစား မစုနိုင်ပါဘူး။ ကျွန်တော့် ငါးနှစ်သက်တမ်းစာချုပ်ပြည့်တဲ့အထိ အလုပ်ပြန်လုပ်ဖို့ အစ္စရေးကိုပဲ ပြန်သွားပါတော့မယ်။” လို့ ၎င်းက ပြောပါ တယ်။
ထိုင်း-အစ္စရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ စစ်မဖြစ်ခင်က အစ္စရေးနိုင်ငံမှာ သွားရောက်အလုပ်လုပ် ကိုင်နေတဲ့ ထိုင်းလုပ်သား ၃၀,၀၀၀ ဝန်းကျင်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနစာရင်းတွေအရ သိရပါတယ်။ ထိုင်းလုပ်သား ၉၅% ဟာ အစ္စရေးနိုင်ငံရဲ့ လယ်ယာလုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
စစ်ဖြစ်လာတဲ့အချိန်မှာ ထိုင်းလုပ်သား ၂၀၀၀၀ ဝန်းကျင်က အစ္စရေးနိုင်ငံမှာပဲ ဆက်လက်နေထိုင်ခဲ့ပြီး ထိုင်း လုပ်သား ၉၄၇၅ ဦးကတော့ အစိုးရအစီအစဉ်နဲ့ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာ အစ္စရေးက ပြန်လည်ရောက်ရှိလာတဲ့လုပ်သားတစ်ဦးကို ဝန်ကြီးဌာနရန်ပုံငွေ ထဲကနေ ဘတ် ၁၅၀၀၀ နဲ့ အရေးပေါ်ရန်ပုံငွေထဲကနေ ဘတ် ၅၀၀၀၀ ထောက်ပံ့ခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းအစိုးရဟာ ပြည်တော်ပြန်လုပ်သားတွေ နိုင်ငံတွင်းအလုပ်လုပ်ရာမှာ အထောက်အကူဖြစ်အောင် အစိုးရဘဏ်၊ စိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးသမဝါယမဘဏ်တို့ကနေ အတိုးနှုန်းအနည်းငယ်နဲ့ ဘတ် ၁၅၀၀၀၀ အထိ ချေးပေးဖို့ စီစဉ်ခဲ့ပါတယ်။
ဒါပေမဲ့ မစ္စတာဆာတစ်က ၎င်းအနေနဲ့ နောက်ထပ်အကြွေးထပ်မတင်ချင်တော့ဘူးလို့ ပြောပါတယ်။ ၎င်းအနေနဲ့ ဘတ် ၂၀၀၀၀၀ အကြွေးဆပ်ပြီးဖြစ်ကြောင်း ပြောပါတယ်။
“အစ္စရေးမှာ အလုပ်လုပ်ပြီး ခြောက်လအတွင်းမှာပဲ ကျွန်တော် ဘတ် ၂၀၀၀၀၀ အကြွေးဆပ်နိုင်ခဲ့ပါတယ်။ ဒါ့အ ပြင် ကျွန်တော့်မိဘတွေနဲ့ ၁၄ နှစ်အရွယ်ကျွန်တော့်သားလေးအတွ့် ငွေကြေးတချို့ကိုတောင် ကျွန်တော်ပြန် ထောက်ပံ့နိုင်ခဲ့ပါတယ်။” လို့ ဆာတစ်က ပြောပါတယ်။
အစ္စရေးနိုင်ငံမှာ တစ်လကို ဘတ် ၆၀၀၀၀ ဝန်းကျင်ရှာနိုင်ကြောင်း၊ အချိန်ပိုကြေးနဲ့ဆိုရင် တစ်လကို ဘတ်ငွေ ၉၀၀၀၀ အထိ ရရှိကြောင်း၊ တစ်ပတ်မှာ တစ်ရက် အားလပ်ရက်ရရှိကြောင်း ၎င်းက ပြောပါတယ်။
“ကျွန်တော့်အလုပ်ရှင်က သဘောကောင်းတယ်။ သူက အငြိမ်းစားသက်ကြီးရွယ်အိုတစ်ယောက်ပါ။ သူ့လယ် ယာက အထွက်ကောင်းတဲ့အခါ ကျွန်တော်နဲ့ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေကို နာမည်ကြီးစားသောက်ဆိုင် တွေမှာ မကြာခဏ ညစာလိုက်ကျွေးလေ့ရှိပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“ကျွန်တော်တို့အလုပ်ရှင်ဟာ ကျွန်တော်တို့အပေါ်မှာ အလွန်နားလည်တယ်။ ထိုင်းဆုန်ခရန်နေ့၊ ထိုင်းမိခင်နေ့၊ ဖခင်နေ့တွေလို ထိုင်းအားလပ်ရက်တွေမှာလည်း ကျွန်တော်တို့ကို အနားပေးလေ့ရှိပါတယ်။” လို့ ၎င်းက ပြော ပါတယ်။
အလုပ်ရှင်ဖြစ်သူက ၎င်းကိုဆက်သွယ်ပြီး အလုပ်ထဲပြန်လာမလားလို့ မေးမြန်းတဲ့အချိန်မှာ ၎င်းအနေနဲ့ မဆိုင်း မတွဘဲ ပြန်လာမယ်လို့ ဖြေကြားခဲ့ကြောင်း မစ္စတာဆာတစ်က ပြောပါတယ်။
ထိုင်ဝမ်မှာ အလုပ်သစ်ရှာဖွေရရှိထားတဲ့ ၎င်းရဲ့ သူငယ်ချင်းဖြစ်သူကတောင် ထိုင်ဝမ်က အလုပ်ကိုစွန့်ပြီး ၎င်းနဲ့ အတူ အစ္စရေးကို ပြန်သွားချင်တယ်လို့ပြောကြောင်း ဆာတစ်က ပြောပါတယ်။
ဘူရီယမ်မြို့က အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း အစ္စရေး-ဟားမတ်စ်စစ်ပွဲဖြစ်တဲ့အချိန်မှာ အစ္စရေးနိုင်ငံထဲမှာပဲ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ထိုင်းလုပ်သား ၂၀၀၀၀ ဝန်းကျင်ထဲမှာ ၎င်းလည်းအပါ အဝင်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်ကို ပြောပါတယ်။
“ကျွန်မက ဘေးကင်းလုံခြုံတဲ့နေရာမှာ အလုပ်လုပ်နေရတာပါ။ ကျွန်မ ထိုင်းနိုင်ငံကို ပြန်သွားမှာစိုးရိမ်လို့ ကျွန်မ အလုပ်ရှင်က လစာအပြင် တစ်လကို အစ္စရေးငွေ ၁၀၀၀ ရှပ်ကယ်လ် (ထိုင်းဘတ် ၁၀၀၀၀ နီးပါး) အပိုဆုကြေး အဖြစ် ပေးပါတယ်။” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။
အောက်တိုဘာလကနေ နိုဝင်ဘာလအထိ ထိုင်းနိုင်ငံကို ပြန်သွားတဲ့ ထိုင်းလုပ်သား ၁၀ ဦးလောက်ဟာ အခု အစ္စရေးနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး ၎င်းတို့နဲ့ လစာအတူတူ၊ ဆုကြေးငွေ အတူတူရရှိနေပြီဖြစ် ကြောင်း၊ အစ္စရေးမှာ အလုပ်လုပ်ရတာ ထိုင်းမှာအလုပ်လုပ်ရတာထက် ပိုမိုကောင်းမွန်ကြောင်း ၎င်းက ပြောပါတယ်။
လယ်ယာလုပ်ငန်းခွင် လုပ်သားပြတ်လပ်မှုကို ဖြေရှင်းဖို့အတွက် အစ္စရေးနိုင်ငံက သီရိလင်္ကာ၊ မယ်ဒိုဗာ၊ ကင် ညာနဲ့ မာလာဝီနိုင်ငံတို့က လုပ်သားတွေ တိုးမြှင့်ခေါ်ယူဖို့ စီစဉ်နေပေမဲ့ ထိုင်းလုပ်သားတွေဟာ လယ်ယာလုပ် ငန်းခွင် ကျွမ်းကျင်မှုရှိတာကြောင့် အစ္စရေးလုပ်ငန်းရှင်တွေက ထိုင်းလုပ်သားတွေကို ပိုနှစ်သက်ကြောင်း ၎င်းက ပြောပါတယ်။
“ပုံမှန်အားဖြင့်တော့ ကျွန်မတို့ ကန်ထရိုက်စာချုပ်သက်တမ်းက ငါးနှစ်နဲ့ သုံးလပါ။ ကျွန်မတို့အလုပ်ရှင်က ထိုင်း လုပ်သားတွေပြန်လာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းပြည်နယ်တစ်ခုက အမျိုးသမီးတစ်ဦးကတော့ ၎င်းရဲ့သူငယ်ချင်းတွေဟာ အစ္စရေးမှာအ လုပ်လုပ်ရမယ်ဆိုပြီး လူမှုကွန်ရက်ပေါ်က လိမ်ညာခေါ်ယူတဲ့ တရားမဝင်အလုပ်တွေကို လုပ်ခဲ့ရကြောင်းပြော ပါတယ်။ “အစ္စရေးနိုင်ငံမှာ အလုပ်လုပ်ရမယ်ဆိုပြီး လိမ်ညာခေါ်ယူနေတဲ့အဖွဲ့တွေ ရှိပါတယ်။
အစ္စရေးမှာအလုပ်လုပ်ရ မယ်ဆိုပြီး လူမှုကွန်ရက်တွေပေါ်က ခေါ်ယူနေတဲ့ လုပ်သားစုဆောင်းရေးအဖွဲ့တွေကို မယုံပါနဲ့။” လို့ ၎င်းက ပြောပါတယ်။
ဥဒါန်းဌာနီပြည်နယ်က အသက် ၄၁ နှစ်အရွယ် ဆမ်ရန်သူရာထမ်ကတော့ အောက်တိုဘာလအကုန် အစ္စရေးက ပြန်လာပြီးကတည်းက ၎င်းမှာ ဝင်ငွေတစ်ပြားမှ မရှိကြောင်း၊ အစ္စရေးကိုပြန်သွားဖို့ပဲ စဉ်းစားနေကြောင်း ပြောပါ တယ်။
“ကျွန်တော် အစ္စရေးလယ်ယာလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေတာ လေးနှစ်ရှိပါပြီ။ ထိုင်းနိုင်ငံကို ပြန်မလာ ချင်ပေမဲ့ ကျွန်တော့်မိသားစုက လုံခြုံရေးအခြေအနေစိုးရိမ်ပြီး ပြန်လာဖို့ ပြောကြတယ်။ ကောက်သစ်ရိတ်သိမ်းဖို့ အချိန်ဖြစ်တဲ့အတွက် အလုပ်ရှင်ကလည်း မပြန်စေ့ချင်ဘူး။ ဒါပေမဲ့ မိသားစုသောကကို နားလည်လို့ ကျွန်တော့် ကို ပြန်လွှတ်လိုက်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဥဒါန်းဌာနီမှာ တစ်လလောက်နေထိုင်နေစဉ်အတွင်း အစ္စရေးနိုင်ငံကိုပြန်သွားမှသာ သူ့အနာဂတ်ပိုမိုကောင်းမွန် လာမှာဖြစ်ကြောင်း သဘောပေါက်လာတဲ့ အခြေအနေကို အဲဒီလုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တစ်ဦးဆီ ဖုန်း ဆက်မေးကြည့်တယ်လို့ ဆိုပါတယ်။
“ကံမကောင်းပုံများ အလုပ်ရှင်က ကျွန်တော့်နေရာမှာ တခြားလုပ်သားတစ်ယောက်ကို အစားထိုးလိုက်ပြီတဲ့။ တခြားနိုင်ငံသားတစ်ဦးပေါ့။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကျွန်တော့်အလုပ်ရှင် ကျွန်တော့်ကို အလုပ်ပြန် လုပ်ဖို့ ခေါ်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Thais return to Israel, despite risks
#PeopleMedia