• Follow Us on

Home စစ်ဘေးရှောင်မိသားစုတွေခိုလှုံနေတဲ့နေရာ အစ္စရေးလေကြောင်းတိုက်ခိုက်မှု ပါလက်စတိုင်း ၁၆ ဦးသေဆုံး

စစ်ဘေးရှောင်မိသားစုတွေခိုလှုံနေတဲ့နေရာ အစ္စရေးလေကြောင်းတိုက်ခိုက်မှု ပါလက်စတိုင်း ၁၆ ဦးသေဆုံး

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၈

 

ဂါဇာအလယ်ပိုင်းဒေသက စစ်ဘေးရှောင်မိသားစုတွေခိုလှုံနေတဲ့ စာသင်ကျောင်းတစ်ကျောင်းကို အစ္စရေးစစ် တပ်က စနေနေ့ (ဇူလိုင်လ ၇ ရက်နေ့) က လေကြောင်းက တိုက်ခိုက်ခဲ့ရာ လူ ၁၆ ဦးထက်မနည်း သေဆုံးသွား ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

စစ်သွေးကြွတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ကြောင်း အစ္စရေးဘက်က တုံ့ပြန်ပြောဆိုခဲ့တဲ့ အယ်လ်နာဆီ ရတ်က အဲဒီစာသင်ကျောင်းတိုက်ခိုက်မှုမှာ ၁၆ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အစ္စရေးစစ်သည်တွေကို စီစဉ်တိုက်ခိုက်ဖို့အတွက် ပုံးခိုရာနေရာတစ်ခုအဖြစ် အဲဒီနယ်မြေကို အသုံးပြုနေတဲ့ လက်နက်ကိုင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမပြုမီ အရပ်သားတွေ ထိခိုက်မှုနည်းပါးအောင် ကြိုတင်ကာ ကွယ်မှုတွေဆောင်ရွက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ ဟားမတ်စ်တွေက တော့ ၎င်းတို့ တိုက်ခိုက်ရေးသမားတွေ အဲဒီနေရာမှာရှိတယ်ဆိုတာကို ငြင်းဆိုထားပါတယ်။

 

“ကျွန်တော်တို့ အဲဒီနေရာကို အပြေးအလွှားသွားကြည့်ကြတယ်။ ကလေးအလောင်းတွေ တစ်စစီဖြစ်နေတာ တွေ့ခဲ့ရတယ်။ အဲဒါက ကစားကွင်းတစ်ခုပါဗျာ။ အဲဒီမှာ ကလေးတွေ ခုန်ကစားတဲ့ ပတ္တူဖျင်ချပ်တစ်ခုရှိတယ်။ ကစားတဲ့ လျှောစင်လေးတွေရှိတယ်။ ဈေးသည်လေးတွေရှိတယ်။” လို့ အေမန်အယ်လ်အတူနက်ဆိုသူ ဒေသခံ တစ်ဦးက ပြောပါတယ်။

 

ဒဏ်ရာရထားတဲ့သူအများအပြားဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် သေဆုံးစာရင်းတွေ ထပ်တိုးလာနိုင်ဖွယ်ရှိ တယ်လို့ ဂါဇာဒေသ အရပ်ဘက်အရေးပေါ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ပြောခွင့်ရပုဂ္ဂိုလ် မာမွတ်ဘာ ဆယ်လ်က ပြောပါယ်။

 

အခုတိုက်ခိုက်မှုက ခိုလှုံရာရှာဖွေဖို့ အိုးပစ်အိုပစ်ထွက်ခွာလာတဲ့ မိသားစုတွေအတွက် ဘယ်နေရာမှာမှ လုံခြုံမှု မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးနိုင်ငံကို ဟားမတ်စ်စစ်သွေးကြွတွေ အလစ်ဝင်ရောက်တိုက် ခိုက်ခဲ့တဲ့အတွက် အစ္စရေးဘက်မှာ လူဦးရေ ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့သလို ဓားစာခံ ၂၅၀ ကျော် အဖမ်းခံခဲ့ရ ပါတယ်။

 

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို လက်တုံ့ပြန်တိုက်ခိုက်ရာမှာ ဒီကနေ့အချိန်အထိ ပါလက်စတိုင်းဦးရေ ၃၈၀၀၀ ကျော် သေဆုံးသွားပြီဖြစ်ကြောင်း ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

Ref: Israeli strike kills 16 at Gaza school, military says it targeted gunmen

 

#PeopleMedia


Share this post