စစ်မှုထမ်းဥပဒေကိုရှောင်ရှားဖို့ မြန်မာပြည်က ရောက်လာနိုင်တဲ့ လူအုပ်ကြီးအတွက် ထိုင်းနိုင်ငံအနေနဲ့ ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း PBS ပြော
PUBLISHED - March 12, 2024
နိုင်ငံတကာ၊ မတ် ၁၂
မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်တဲ့အတွက် မြန်မာလူငယ်တွေ အလုံးအရင်းနဲ့ ဝင်လာ နိုင်တာကို တွက်ဆပြီး ထိုင်းနိုင်ငံက ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ကြောင်း ထိုင်း PBS World သတင်းဌာနက ရေးသားလိုက်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပေမဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ နစက အစိုးရက အတည်ပြုခဲ့တာဖြစ်ပါတယ်။
အဲဒီ ဥပဒေအရ မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားရှိ အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်ကြားရှိ အမျိုးသမီးတွေ ၂ နှစ်ကြာ စစ်မှုထမ်းရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆရာဝန်၊ အင်ဂျင်နီယာတို့လို ပညာသည်အုပ်စုတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ အကျုံး ဝင်ပြီး ၃ နှစ်ကြာ စစ်မှုထမ်းရမှာဖြစ်ပါတယ်။
အဲဒီစစ်မှုထမ်းဥပဒေအရ ဝင်ရောက်လာတဲ့သူတွေအနေနဲ့ နိုင်ငံတော်လိုအပ်ချက်အရ စစ်မှုထမ်းသက်ကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ငါးလအတွင်း တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေ၊ တခြားလက်နက်ကိုင်အုပ်စုတွေ ကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း တပ်မတော်က ဆုံးရှုံးမှုအများအပြားရှိခဲ့တဲ့အတွက် စစ်သည်အင်အား ထပ် မံရရှိဖို့ ကြံမိကြံရာ ထလုပ်လိုက်တယ်ဆိုတာကို အဲဒီစစ်မှုထမ်းဥပဒေက သက်သေပြနေတယ်လို့ဆိုပါတယ်။
စစ်မှုထမ်းဥပဒေထွက်လာပြီး မကြာခင်အချိန်အတွင်းမှာပဲ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးအပြင်ဘက်မှာ ထိုင်း ဗီဇာလာလျှောက်တဲ့ အမျိုးသား/အမျိုးသမီး လူတန်းရှည်ကြီးကို တွေ့မြင်နိုင်ပါတယ်။
မြန်မာပတ်စ်ပို့ ကိုင်ထားတဲ့ မြန်မာနိုင်ငံသားတစ်ဦးဟာ ထိုင်းနိုင်ငံထဲမှာ ဗီဇာမလိုဘဲ ရက်သတ္တပတ် နှစ်ပတ်အ ထိ နေထိုင်ခွင့်ရှိပါတယ်။
လူငယ်တွေရဲ့ အနာဂတ်နဲ့ နိုင်ငံကို ဖျက်ဆီးလိုက်တဲ့ အစိုးရကို မြန်မာလူငယ်တွေက အလွန်စိတ်ပျက်နေကြတဲ့ အတွက် နစက အစိုးရရဲ့ ပြည်သူ့စစ်မှုထမ်းဥပေဒဟာ ရလဒ်ပြောင်းပြန်ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
လူငယ်တချို့အနေနဲ့ ၎င်းတို့ရဲ့ အနီးဝန်းကျင်မှာရှိနေတဲ့ အစိုးရကိုပုန်ကန်နေတဲ့ တော်လှန်ရေးအင်အားစုတွေ ထဲကို ဝင်ရောက်သွားနိုင်ပါတယ်။
လူငယ်တချို့ကလည်း နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံတွေကို ဝင်ရောက်ဖို့ အလွန်စိတ်အားထက်သန်နေ ကြပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်လိုက်ကတည်းက တပ်မတော်ဘက်က စစ်သည်အင်အားအများအပြားဆုံးရှုံးခဲ့ရသလို တပ်မတော်ကထိန်းချုပ်ထားတဲ့ နယ်မြေအများအပြားလည်း ဆုံးရှုံးခဲ့ရတဲ့အတွက် မြေပြင်မှာ ရှိတဲ့ တပ်မတော် အင်အားကို တွက်ချက်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။
မြန်မာ့တပ်မတော်အင်အားကို ၁၅၀၀၀၀ ကနေ ၃၀၀၀၀၀ ကြားရှိတယ်လို့ များသောအားဖြင့် ရည်ညွှန်းပြောဆို လေ့ရှိပေမဲ့ ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေကို အခုလို အသက်သွင်းလိုက်တာဟာ တပ်မတော် က အင်အားလိုအပ်နေတယ်ဆိုတာကို ပြသလိုက်တာပဲဖြစ်ပါတယ်။
နစက အစိုးရအနေနဲ့ စစ်သည်အင်အား ၆၀၀,၀၀၀ ပြည့်မီရေးအတွက် တစ်လကို တပ်သားသစ် ၅,၀၀၀ လိုချင် နေတယ်လို့ ဆိုပါတယ်။
နစက အစိုးရကြေညာထားတဲ့အတိုင်း စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်မယ့်အစီအစဉ်ကို မြန်မာနှစ်သစ်ကူးဖြစ်တဲ့ သင်္ကြန်ကာလဝန်းကျင်မှာစတင်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ကပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် မြန်မာ တွေကြားမှာ အထင်ရှားဆုံးဖြစ်နေတဲ့ ထိုင်းနိုင်ငံထဲကို မြန်မာလူငယ်အများအပြား ထွက်ပြေးခိုလှုံလာနိုင်ပါ တယ်။
အဲဒီလို ကြိုတင်မျှော်မှန်းမထားနိုင်တဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ဖို့အတွက် ထိုင်းနိုင်ငံအနေနဲ့ အရေးပေါ် စီမံချက်တစ် ရပ်ရေးဆွဲပြီး ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
စစ်မှုမထမ်းချင်လို့ ထွက်ပြေးလာမယ့်လူငယ်တွေ ဘေးကင်းလုံခြုံစွာ ခိုလှုံနိုင်ဖို့အတွက် ထိုင်းနယ်စပ်အနီးမှာ “ဘေးကင်းလုံခြုံရေးဇုံ” တွေ တည်ထောင်ထားသင့်ကြောင်းလည်း ကျွမ်းကျင်သူတွေနဲ့ တိုင်းရင်းသားအုပ်စု တွေက ပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကတည်းက မြန်မာနိုင်ငံက စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ထိုင်းနယ်စပ်မှာ ယာယီဒုက္ခသည်စခန်း လေးငါးခု တည်ဆောက်ထားဖို့ ပြည်နယ်အာဏာပိုင်တွေကို အစိုးရက ညွှန်ကြားခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီယာယီစခန်းတွေမှာ လူဦးရေ ၈၀၀၀၀ ဝန်းကျင်အထိ ခိုလှုံနိုင်ပေမဲ့ ထိုင်းနယ်စပ်တစ်လျှောက် အထုူးသဖြင့် တာ့ခ်စစ်ဆေးရေးစခန်းနဲ့ မဲဟောင်ဆောင်စစ်ဆေးရေးစခန်းတွေဘက်မှာ စစ်မှုမထမ်းချင်လို့ ထွက်ပြေးလာ မယ့်လူငယ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။
အလုံးအရင်းနဲ့ ဝင်ရောက်လာနိုင်တဲ့အခြေအနေဟာ နယ်စပ်လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့အပြင် မကြာခင်စ တင်ဆောင်ရွက်ဖို့ စီစဉ်ထားတဲ့ လူသားချင်းစာနာမှုအစီအစဉ်ကိုလည်း အဟန့်အတားဖြစ်စေနိုင်တဲ့အတွက် ဆရက်ထာအစိုးရအနေနဲ့ မြန်မာပြည်က ဝင်လာနိုင်တဲ့လူအုပ်ကြီးကိုကြည့်ပြီး အားရကျေနပ်နေလို့ မရဘူးလို့ ဆိုပါတယ်။
Ref: Thailand must prepare for a possible influx of Myanmar’s young people: PBS World
#PeopleMedia