စစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့ ထွက်ပြေးတဲ့ ယူကရိန်းအမျိုးသားအများအပြားကို နယ်စပ်မှာဖမ်းမိခဲ့
PUBLISHED - June 15, 2024
နိုင်ငံတကာ၊ ဇွန် ၁၅
ရုရှားတပ်တွေကို တိုက်ခိုက်ဖို့အတွက် တင်းကျပ်တဲ့စစ်မှုမထမ်းမနေရဥပဒေတစ်ရပ် ထုတ်ပြန်လိုက်ပြီးနောက် နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားအများအပြားကို နယ်စပ်ဒေသမှာ ဖမ်းဆီးမိခဲ့ကြောင်း ယူကရိန်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက သောကြာနေ့ (ဇွန်လ ၁၄ ရက်နေ့) က ပြောပါတယ်။
ယူကရိန်းစစ်ပွဲ နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံရဲ့အရှေ့ဘက်မှာ ရုရှားတပ်တွေ အားသာနေချိန်မှာ ပြုန်းတီး အင်အားပြန်လည်ဖြည့်တင်းဖို့အတွက် တင်းကျပ်တဲ့စစ်မှုထမ်းဥပဒေသစ်တစ်ရပ်ကို ယူကရိန်းအစိုးရက ပြီးခဲ့တဲ့ လက ပြဋ္ဌာန်းခဲ့ပါတယ်။
ရုရှားနိုင်ငံက စတင်ကျူးကျော်တိုက်ခိုက်ကတည်းက ယူကရိန်းနိုင်ငံမှာ အသက် ၁၈ နှစ်နဲ့ ၆၀ ကြားအမျိုးသား တွေကို ပြည်ပနိုင်ငံထွက်ခွာခွင့် ပိတ်ပင်တားဆီးထားပါတယ်။
ဂျုံတင်ပို့မယ်လို့ ယူဆရတဲ့ထရပ်ကားတစ်စီးထဲမှာ နိုင်ငံတွင်းကထွက်ပြေးဖို့ ကြိုးစားတဲ့ ဒေသ ၁၂ ခုက ယူက ရိန်းနိုင်ငံသား ၄၁ ဦးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မယ်လ်ဒိုဗာ၊ ရိုမေးနီးယားတို့နဲ့ နယ်နမိတ်ထိစပ်နေတဲ့ တောင် ပိုင်းအိုဒက်ဆာဒေသက နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
“စည်းကမ်းဖောက်တဲ့သူတွေအတွက် အစီရင်ခံစာတွေ ပေးပို့ပြီးသွားပါပြီ။ အခုလို အစုလိုက်အပြုံလိုက် လူကုန် ကူးမှုထဲမှာပါဝင်တဲ့ တရားခံနှစ်ယောက်ကတော့ ရာဇဝတ်မှုနဲ့တရားစွဲဆိုတာကို ရင်ဆိုင်သွားရမှာပါ။” လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိမ်နီးချင်းဟန်ဂေရီနိုင်ငံကို နယ်စပ်ဖြတ်ပြီး တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား ၃၈ ဦးကို တား ဆီးနိုင်ခဲ့ပြီး အဲဒီလူကုန်ကူးသူတွေဟာ လူတစ်ဦးချင်းစီက ဒေါ်လာ ၄၅၀၀ ကနေ ၈၅၀၀ အထိ ရရှိခဲ့ကြောင်း နယ်ခြားစောင့်တပ်ဖွဲ့က ဖေဖော်ဝါရီလက ပြောပါတယ်။
အဲဒီပုဂ္ဂိုလ်တွေဟာ ဥပဒေအရ စစ်မှုထမ်းရမှာကို ရှောင်ရှားဖို့ ကြိုးပမ်းတာလားဆိုတာကို နယ်ခြားစောင့်တပ်ဖွဲ့ က မပြောပေမဲ့ ယူကရိန်းစစ်တပ်အင်အားဖြည့်တင်းဖို့ ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေသစ်ကြောင့် လူတွေ ကြားမှာ စိုးရိမ်ကြောက်ရွံ့နေကြပါတယ်။
ယူကရိန်းအမျိုးသားတွေကို စစ်သားစုဆောင်းရေးအရာရှိတွေက လမ်းပေါ်မှာ တွန်းထိုးမောင်းနှင်နေတာကို မကြာသေးခင်က လူမှုကွန်ရက်တွေပေါ်မှာ ပျံနှံ့နေတာတွေ့ရပါတယ်။
စစ်မှုမထမ်းမနေရဥပဒေအပေါ် မကျေနပ်မှုတွေအပြင် စစ်မှုထမ်းဥပဒေကို ရှောင်ရှားဖို့ ယူကရိန်းနိုင်ငံသားတ ချို့က လာဘ်ငွေပေးခဲ့ရတယ်ဆိုတဲ့သတင်းတွေကလည်း လူထုကို ပိုပြီး မကျေမနပ်ဖြစ်စေခဲ့ပါတယ်။
ရုရှားစတင်ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဟန်ဂေရီနဲ့ ရိုမေးနီးယားနိုင်ငံတွေ တွေနဲ့ ထိပ်စပ်နေတဲ့ ယူကရိန်းနယ်စပ်က တီဆာမြစ်ကို ဖြတ်သန်းပြီး ထွက်ပေးဖို့ ကြိုးစားခဲ့တဲ့ ယူကရိန်း ပြည် သူ ၃၅ ဦးရဲ့အလောင်းတွေကို နယ်စပ်အာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။
Ref: Ukraine Says Stopped Dozens at Border amid Draft Fears
#PeopleMedia