စစ်မှုမထမ်းမနေရစနစ်နဲ့ ဝင်ရောက်လာတဲ့ ထိုင်းစစ်သား ကျေးကျွန်သဖွယ် အရာရှိကိုယ်ရေးကိုယ်တာအလုပ် တွေ ခိုင်းစေခံရ
PUBLISHED - March 12, 2024
နိုင်ငံတကာ၊ မတ် ၁၂
ထိုင်းနိုင်ငံမှာ စစ်မှုမထမ်းမနေရစနစ်နဲ့ ရေတပ်ထဲဝင်ရောက်ခဲ့ရတဲ့ တပ်သားတစ်ဦးဟာ ရေတပ်အရာရှိဇနီးရဲ့ အတွင်းခံဘောင်းဘီကို လျှော်ပေးရတာအပါအဝင် အိမ်အလုပ်တွေကို အိမ်စေသဖွယ် အဓမ္မစေခိုင်းခံရလို့ လုပ် ပေးခဲ့ရတဲ့ပုံကို အဲဒီရေတပ်သားဟောင်းက ဗီဒီယိုဖိုင်လွှင့်တင်ခဲ့တဲ့အတွက် ထိုင်းကာကွယ်ရေးဝန်ကြီး ဌာနက အောင့်သည်းအောင့်သက်နဲ့ အတည်ပြုလိုက်ရတယ်လို့ Bangkok Post မှာရေးသားထားပါတယ်။
နှစ်စဉ် ဧပြီလမှာကျင်းပတဲ့ စစ်မှုမထမ်းမနေရစနစ်နဲ့ တပ်သားသစ်ရွေးချယ်ပွဲမတိုင်ခင် တပ်မတော်ရဲ့ဂုဏ် သိက္ခာကျဆင်းအောင်ကြိုးပမ်းလာတာဖြစ်တယ်လို့ ပြောဆိုပြီး ကနဦးက အဲဒီဗီဒီယိုဖိုင်ကို ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက ပယ်ချခဲ့ပါတယ်။
အဲဒီဗီဒီယိုဖိုင်တင်လာတဲ့အချိန်ဟာ စစ်မှုမထမ်းမနေရစနစ်ကို ပယ်ဖျက်ဖို့ တောင်းဆိုနေတဲ့အချိန်လည်း ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အဲဒီဗီဒီယိုဖိုင်တင်ခဲ့တဲ့ စစ်မှုထမ်းစနစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရေတပ် သားဟောင်းကို ကြိုးစားဆက်သွယ်နေပြီး သက်ဆိုင်ရာအရာရှိကိုလည်း လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ စဉ်းစားသွားမှာဖြစ်ကြောင်း ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ရေတပ်ဗိုလ်ချုပ်ကြီး သာနစ်ပေါင်ဆီရီဆဝတ်ဆက်က တနင်္လာနေ့က ပြောပါတယ်။
ဗီဒီယိုဖိုင်တင်ခဲ့တဲ့ အဲဒီရေတပ်သားဟာ စစ်မှုမထမ်းမနေရစနစ်အရ ရေတပ်ထဲကို ဝင်ရောက်လာသူဖြစ်ပြီး သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ပြီးနောက် တပ်မတော်က ပြန်လည်ထွက်ခွာသွားသူဖြစ်ကြောင်း ပြော ခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
အဲဒီဗီဒီယိုဖိုင်ကို E Saw Khayi Khaw ဆိုတဲ့ Facebook အကောင့်မှာ တနင်္ဂနွေနေ့ (မတ်လ ၁၀ ရက်နေ့) က တင်ခဲ့တာဖြစ်ပါတယ်။
ဗီဒီယိုဖိုင်ထဲမှာ အဲဒီရေတပ်သားဟာ ၎င်းရဲ့အရာရှိဖြစ်သူက အိမ်စေသဖွယ် ခိုင်းစေခဲ့တာကို သည်းညည်းခံပြီး ဖြတ်ကျော်ခဲ့ပုံကို ရိုက်ကူးထားပါတယ်။
အဲဒီဗီဒီယိုဖိုင်ထဲမှာ အရာရှိဇနီးရဲ့ အတွင်းခံဘောင်းဘီ်ကို လျှော်ဖွပ်/အခြောက်ခံပြီး ခြင်းတောင်းထဲထည့်ပေးရ တာကအစ ရိုက်ပြထားပါတယ်။
“စစ်မှုမထမ်းမနေရစနစ်နဲ့ ဝင်လာရတဲ့ ကျွန်တော့်ဘဝကို ကြည့်ကြပါဦးဗျာ။ ကျွန်တော် လုပ်နေတာကို ကြည့်ပါ ဦး။ မြတ်စွာဘုရား … ကျွန်တော့်အရာရှိမိန်းမရဲ့ အတွင်းခံဘောင်းဘီ (ပန်တီတွေ) နဲ့ ဘရာစီယာတွေကိုပါ လျှော်ပေးနေရပါရောလားဗျာ။ တကယ်လုပ်နေရတာပါ။ ကျွန်တော့်ဘဝကတော့ မြင်တဲ့အတိုင်းပါပဲ။” လို့ ၎င်း က ပြောပါတယ်။
၎င်းအနေနဲ့ ခြေအိတ်တွေလည်း လျှော်ခဲ့ရကြောင်းပြောဆိုပြီး ဗီဒီယိုဖိုင်ထဲမှာ ပန်းကန်ခွက်ယောက်တွေ ဆေး နေတဲ့ပုံနဲ့ အရက်ပုလင်းခွံတွေ သွားပစ်နေတဲ့ပုံကိုလည်း ဖော်ပြထားပါတယ်။
အဲဒီဗီဒီယိုဖိုင်ဟာ အစစ်လား/လုပ်ကြံထားတာလားဆိုတာကို ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အတည်မပြုနိုင် ကြောင်း၊ နှစ်ပတ်လည် စစ်မှုမထမ်းမနေရစနစ်နဲ့ တပ်သားသစ်ရွေးချယ်ပွဲမကျင်းပခင်မှာ တပ်မတော်ကို သိက္ခာ ချဖို့အတွက် အခုလိုတင်ခဲ့တာဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်မှာ ဗီဒီယိုဖိုင်ထွက်လာပြီး ပြောခွင့်ရပုဂ္ဂိုလ် ရေတပ် ဗိုလ်ချုပ်ကြီးသာနစ်ပေါင်က ပြောပါတယ်။
နောက်ပိုင်းမှာ လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီး အဲဒီဗီဒီယိုဖိုင်ကို ရေတပ်သားဟောင်းတစ်ဦးက တင်ခဲ့တာ မှန် ကန်ကြောင်း ၎င်းက အတည်ပြုပြောကြားပါတယ်။
စစ်မှုမထမ်းမနေရ မဲပေးရွေးချယ်ပွဲကို ချက်ကရီမင်းမြတ်အမှတ်တရနေ့ဖြစ်တဲ့ ဧပြီ ၆ ရက်နေ့မပါဘဲ နှစ်စဉ် ဧပြီလ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကျင်းပတာဖြစ်ပါတယ်။
ထိုင်းတပ်မတော်က မဲစနစ်နဲ့ ရွေးချယ်ခံရပြီးဝင်ရောက်လာတဲ့ တပ်သားသစ်တွေအစား မိမိသဘောဆန္ဒအ လျောက်ဝင်ရောက်လာတဲ့လူငယ်တွေကို နည်းလမ်းမျိုးစုံနဲ့ ကမ်းလှမ်းသလို ဆုချီးမြှင့်လေ့ရှိပါတယ်။
တပ်သားသစ်တွေအနေနဲ့ လစာ၊ ပညာရေး၊ အသက်အာမခံ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စစ်သင်တန်းနဲ့ တခြားအကျိုးကျေးဇူးတွေ ခံစားခွင့်ရှိကြောင်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက 20th Military Circle အဖွဲ့က တင်ထားတဲ့ Facebook ပို့စ်တစ်ခုမှာ ဖော်ပြထားပါတယ်။
တကယ့်လက်တွေ့ဘဝမှာတော့ စစ်မှုထမ်းစနစ်နဲ့ဝင်လာရတဲ့တပ်သားတွေဟာ ထိပ်တန်းအရာရှိကြီးတွေနဲ့ ၎င်းတို့မိသားစုတွေရဲ့အိမ်တွေမှာ ချက်ပြုတ်ခြင်း၊ လျှော်ဖွပ်ခြင်းနဲ့ ဥယျာဉ်ခြံလုပ်ငန်းတွေဆောင်ရွက်ခြင်းတို့ကို အစေခံများသဖွယ် လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။
အဲဒီလုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ ထိုင်းတပ်မတော်ကို အမျိုးသားလူ့အခွင့်ရေးကော်မရှင်က တိုက်တွန်းလိုက် ပြီး ဒီလိုလုပ်ဆောင်နေတာဟာ စစ်မှုထမ်းဥပေဒကို တလွဲအသုံးပြုနေတာဖြစ်ပြီး အဲဒီဥပဒေနဲ့ တပ်မတော်ထဲဝင် ရောက်လာသူတွေဟာ နိုင်ငံတော်ကို ကာကွယ်ဖို့ဖြစ်ပြီး အရာရှိအိမ်သန့်ရှင်းရေးလုပ်ဖို့ မဟုတ်ကြောင်း ပြော ကြားလိုက်ပါတယ်။
လွှတ်တော်ထဲက အဓိက အတိုက်အခံပါတီဖြစ်တဲ့ Move Forward ပါတီဟာလည်း စစ်မှုမထမ်းမနေရဥပဒေကို ဖျက်သိမ်းပစ်ပြီး အဲဒီစနစ်အစား မိမိသဘောဆန္ဒအလျောက်တပ်မတော်ထဲဝင်ရောက်အမှုထမ်းတဲ့စနစ်ကို သာ ကျင့်သုံးတဲ့ အရည်အချင်းပြည့်ဝတဲ့ တပ်မတော်အဖြစ် တည်ဆောက်သွားဖို့ မူဝါဒ ချမှတ်ထားပါတယ်။
Ref: Video shows conscript’s life as officer’s servant
#PeopleMedia