• Follow Us on
Latest News

Home စစ်သည်တစ်ဦးချင်းရသင့်ရထိုက်သည့်အခွင့်အရေးများကို မှန်မှန်ကန်ကန်ဖြင့်ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း တပ်ချုပ်ပြောကြား

စစ်သည်တစ်ဦးချင်းရသင့်ရထိုက်သည့်အခွင့်အရေးများကို မှန်မှန်ကန်ကန်ဖြင့်ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း တပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၃

 

စစ်သည်တစ်ဦးချင်း ရသင့်ရထိုက်သည့် အခွင့်အရေးများကို မှန်မှန်ကန်ကန်ဖြင့် ဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တောင်ညိုတပ်နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

မိမိတို့ကွပ်ကဲနေရသူများကို စနစ်တကျကွပ်ကဲကြပ်မတ်နေရန်လိုသကဲ့သို့ ၎င်းတို့၏ သက်သာချောင်ချိရေး အတွက်လည်း မိမိတို့တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ စစ်သည်တစ်ဦးချင်း ရသင့်ရထိုက်သည့် အခွင့်အရေးများကို မှန်မှန်ကန်ကန်ဖြင့် ဖြည့်ဆည်းပေးရမည်ဖြစ်ပြီး လက်အောက်၏ လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ရေး စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ပြီး စစ်စည်းကမ်းကောင်းမွန်၍ အုပ်ချုပ်ထောက်ပံ့မှုများ ကောင်းမွန်မည်ဆိုပါက စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်လည်း ကောင်းမွန်ခိုင်မြဲလာမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားများသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်း ချက်မျှမပါရှိဘဲ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကိုထမ်းဆောင်ရန် တပ်မတော်အတွင်းသို့ ဝင်ရောက်အမှုထမ်းခဲ့ကြခြင်းဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများသည် နိုင်ငံနှင့်ပြည်သူအကျိုးအတွက် စွန့်လွှတ်စွန့်စားခြင်းများစွာဖြင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ခဲ့ကြကြောင်း၊ အရာရှိ၊ စစ်သည်များအနေဖြင့် ရှေ့တန်းစစ်မြေပြင်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံထမ်းဆောင်လျက်ရှိသကဲ့သို့ မိသားစုများအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာတပ်များအလိုက် လိုက်လံနေထိုင်၍ ပါရမီဖြည့်လျက်ရှိကြကြောင်း ပြောသည်။

 

ထိုကဲ့သို့နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသူများ အားလုံး၏ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေမှုများကိုလည်း မိမိအနေဖြင့် အသိအမှတ်ပြုဂုဏ်ပြုကြောင်း၊ မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေသည် ၅၂ သန်းခန့်ရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်း ခန့်ရှိကြောင်း၊ ၎င်းအနက် လူဦးရေအနည်းငယ်သာ တပ်မတော်သားဘဝကိုခံယူ၍ မွန်မြတ်လှသည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်ကြခြင်းဖြစ်သဖြင့် အများသူငှာ လုပ်ဆောင်နိုင်ရန် ခက်ခဲသည့် တပ်မတော်သားဘဝကို ဂုဏ်ယူတန်ဖိုးထားကြရန်လိုကြောင်း၊ နိုင်ငံနှင့်ပြည်သူတို့အတွက် မြင့်မြတ်လှသည့်တာဝန်များကို ထမ်းဆောင်နေရသည့် မိမိတို့တပ်မတော်သားများ၏ ဘဝကိုဂုဏ်ယူ တတ်ရန်နှင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန်လိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post