စစ်သည်တွေ စိတ်ဓာတ်ကျဆင်းနေတယ်လို့ သတင်းတွေထွက်နေချိန် ယူကရိန်းစစ်တပ်က အရပ်သားတွေကို စစ်သင်တန်းလေ့ကျင့်သင်ကြား
PUBLISHED - September 10, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၁၀
ရုရှားရန်ကို ကာကွယ်တိုက်ခိုက်ဖို့အတွက် ဥပဒေအရစစ်မှုထမ်းတဲ့အခါဖြစ်စေ မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းတဲ့အခါဖြစ်စေ ကြိုတင်ပြင်ဆင်ရာမှာ စစ်ပညာနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိနေစေဖို့အတွက် ယူကရိန်းအရပ် သားတွေကို ကာလတိုစစ်ပညာသင်ကြားပေးမယ့် အစီအစဉ်တစ်ရပ်ကို ယူကရိန်းတပ်မတော်က စတင် အ ကောင်အထည်ဖော်လိုက်ပါတယ်။
“စမ်းသပ်ကာလ” လို့ နာမည်ပေးထားတဲ့ အဲဒီသင်တန်းကာလမှာ ဆန္ဒပြုတဲ့ယူကရိန်းအရပ်သားတွေဟာ ဖန်တီးထားတဲ့ စစ်မြေပြင်မှာ လက်နက်တုတွေနဲ့ တိုက်ပွဲဝင်သင်တန်းတွေကို ခုနစ်ရက်ကြာ သင်ကြားရမှာဖြစ် ပါတယ်။
အရပ်သားသင်တန်းသားတွေဟာ လေ့ကျင့်ရေးဗြောက်အိုးတွေ အဆက်မပြတ်ဖောက်ခွဲသရုပ်ဖော်ထားတဲ့ စစ် မြေပြင်အတုမှာ သဏ္ဍန်လုပ်ပေါက်ကွဲမှုတွေကိုလည်း ရင်ဆိုင်ဖြတ်သန်းရမှာဖြစ်ပါတယ်။
တိုက်ပွဲလေ့ကျင့်ခန်းတွေမှာ အရပ်သားသင်တန်းသားတွေဟာ ထိခိုက်ဒဏ်ရာရစစ်သည်တွေကို ဘယ်လို ရွှေ့ ပြောင်းသယ်ဆောင်ရမယ်ဆိုတာတွေ၊ မိမိနေရာကနေ ဘယ်လိုရွှေ့ပြောင်းပြီး ဘယ်လို ပြန်လည်စုဖွဲ့မယ်ဆိုတာ တွေ လေ့လာသင်ကြားရမှာဖြစ်ပါတယ်။
ဒါ့အပြင် သင်တန်းသားတွေဟာ မိမိတို့ ကိုင်ဆောင်ထားတဲ့ လက်နက်တွေ အသုံးပြုနည်းနဲ့ စစ်မြေပြင် ဆေးဝါး အသုံးပြုနည်းတွေကိုလည်း သင်ကြားရမှာဖြစ်ပါတယ်။
“သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်သင်ကြားမှုတွေ၊ သီအိုရီပိုင်းတွေ၊ ဆေးဝါးအသုံးပြုမှု၊ ဒရုန်းအသုံးပြုမှုတွေကို ကျွန်တော်တို့ ဆန်းစစ်အကဲဖြတ်ပေးပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေ၊ အသင်းအဖွဲ့နဲ့လုပ် ဆောင်နိုင်စွမ်းတွေ၊ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့စွမ်းရည်တွေကိုလည်း ကျွန်တော်တို့ အကဲဖြတ်သုံးသပ်ပေးပါတယ်။” လို့ နည်းပြ မတ်ဆီမ်လက်ဗ်ချန်းကိုက ပြောပါတယ်။
“စမ်းသပ်ကာလ” လေ့ကျင့်ရေးမှာပါဝင်ခဲ့တဲ့ လူငယ်တချို့ဟာ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ကြားလူငယ်တွေ ဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်မှာ ဥပဒေအရ စစ်မှုထမ်းဖို့အတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်ပါတယ်။
ရုရှားကျူးကျော်တပ်တွေ ၎င်းတို့ဇာတိမြို့ကို ရောက်ရှိလာနိုင်ပြီး ကိယက်ဗ်မြို့မှာ အဲဒီလို ကျူးကျော်သူတွေကို ခုခံတိုက်ခိုက်ဖို့ စစ်သည်အင်အား အလုံအလောက်မရှိတဲ့အတွက် စိုးရိမ်ပြီး အခုလို စမ်းသပ်ကာလအစီအစဉ်မှာ စစ်သင်တန်းလာတက်တာဖြစ်ကြောင်း အသက် ၂၀ အရွယ် အိုလက်ဆီစစ်ကာက ပြောပါတယ်။
“ရုရှားတပ်တွေ ကျွန်တော်တို့နယ်မြေအထိ ရောက်လာမလားဆိုတာကတော့ အတိအကျ မပြောနိုင်ဘူးပေါ့။” လို့ ၎င်းက ပြောပါတယ်။
ဒီကနေ့အချိန်အထိတော့ “စမ်းသပ်ကာလ” လေ့ကျင့်ရေးအစီအစဉ်ကို လူငယ် ၄၀၀ ကျော် လာရောက်ပူးပေါင်း သင်တန်းတက်နေကြပြီး အဲဒီအထဲက ငါးယောက်မှာ တစ်ယောက်က ဒီသင်တန်းပြီးရင် တပ်မတော်ထဲဝင် ရောက်မယ်လို့ ပြောဆိုထားပါတယ်။
အိုလက်ဆီစစ်ကာဟာ အဲဒီလို တပ်မတော်ထဲဝင်မယ်လို့ ဆုံးဖြတ်ထားတဲ့ လူငယ်တွေထဲက တစ်ဦးဖြစ်ပြီး ၎င်း အနေနဲ့ အမှတ် ၃ တိုက်ခိုက်ရေးတပ်မမှာ တာဝန်ထမ်းဆောင်ချင်တယ်လို့ ဆန္ဒပြုထားပါတယ်။
“ကျွန်တော့်မိသားစုကို ကာကွယ်ဖို့၊ ကျွန်တော့်အမေနဲ့ ကျွန်တော့်နှမကို ကာကွယ်ဖို့ ကျွန်တော် တပ်မတော်ထဲ ဝင်မှာဖြစ်တယ်။ ကမ္ဘာပေါ်က တခြားအရာတွေ အားလုံးထက် ကျွန်တော့်မိသားစုကို ကျွန်တော် ပိုချစ်တယ်။” လို့ ၎င်းက ပြောပါတယ်။
ယူကရိန်းစစ်သည်တွေ စိတ်ဓာတ်ကျပြီး တပ်ပြေးမှုတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာ အခု သင်တန်းအစီအစဉ် စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
စစ်ပွဲကာလ နှစ်နှစ်ကျော်လွန်မြောက်လာတဲ့အချိန်မှာ ယူကရိန်းစစ်သည် ၃၇,၀၀၀ ကျော် ၎င်းတို့စခန်းတွေကို စွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ ရုရှားအစိုးရမီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။
Ref: Ukraine Trains Civilians to Fight War as Soldiers Struggle with Low Morale
#PeopleMedia